Milky Way ပြင်ပ အခြား ဂလက်စီတစ်ခုမှာ ရှုရှိုက်ဖို့ သင့်တော်တဲ့ အောက်စီဂျင် ရှိနေတာကို သိပ္ပံပညာရှင်များ တွေ့ရှိ

By VICE
23 February 2020
Milky Way ပြင်ပ အခြား ဂလက်စီတစ်ခုမှာ ရှုရှိုက်ဖို့ သင့်တော်တဲ့ အောက်စီဂျင် ရှိနေတာကို သိပ္ပံပညာရှင်များ တွေ့ရှိ
IMAGE: NASA/ESA/HUBBLE

ဖေဖော်ဝါရီ ၂၃

အလွန်ဝေးကွာတဲ့ နေရာမှာ ရှိနေတဲ့ ဂလက်စီ (galaxy) တစ်ခုမှာ လူသားတို့ ရှုရှိုက်ဖို့ သင့်တော်တဲ့ အောက်စီဂျင် (molecular oxygen) ရှိနေတာကို နက္ခတ္တဗေဒပညာရှင်တွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ နေအဖွဲ့အစည်း ပါဝင်တဲ့ Milky Way galaxy ရဲ့ ပြင်ပမှာ အင်မတန် အရေးပါတဲ့ ဒြပ်စင် (element) တစ်ခုကို ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီလို အလွန်အရေးပါတဲ့ အောက်စီဂျင် ပထမဆုံး တွေ့ရှိမှုကိုတော့ The Astrophysical Journal မှာ မကြာသေးခင်က ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဒီ တွေ့ရှိမှုကတော့ ဂြိုဟ်တွေ၊ ကြယ်တွေ၊ ဂလက်စီတွေနဲ့ သက်ရှိဘဝတွေရဲ့ ဆင့်ကဲဖြစ်စဉ်မှာ အောက်စီဂျင်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ နဲ့ပတ်သက်လို့ နားလည်သဘောပေါက်မှုအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေခဲ့ပါတယ်။

အောက်စီဂျင် ဆိုတာကတော့ ဟိုက်ဒရိုဂျင်နဲ့ ဟီလီယမ်ပြီးရင် စကြဝဠာထဲမှာ တတိယမြောက် အပေါများဆုံး element ဖြစ်ပါတယ်။ နောက်ပြီး လူတို့ နေထိုင်ရာ ကမ္ဘာမှာလည်း သက်ရှိတွေအတွက် အင်မတန် အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Molecular oxygen ကတော့ O2 ဆိုတဲ့ သတ်မှတ်ချက်နဲ့ အောက်စီဂျင် အက်တမ် နှစ်ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ယင်းကတော့လူတို့ အသက်ရှင်သန်ဖို့အတွက် ရှုရှိုက်ဖို့ လိုတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေကတော့ ကျယ်ပြောလှတဲ့ စကြဝဠာထဲမှာ ဒီ molecular အောက်စီဂျင်ကို တွေ့ရှိဖို့ ဆယ်စုနှစ်များစွာကြာ ခက်ခဲမှုတွေ ရှိနေခဲ့ပါတယ်။

ယခုအခါမှာတော့ ရှန်ဟိုင်း နက္ခတ္တဗေဒ စောင့်ကြည့်လေ့လာမှု ဌာနမှ နက္ခတ္တပညာရှင် Junzhi Wang ဦးဆောင်တဲ့ အဖွဲ့တစ်ခုဟာ Markarian 231 လို့ခေါ်တဲ့ ဂလက်စီတစ်ခုမှာ ဒီ molecular oxygen ကို တွေ့ရှိကြောင်း ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ အဲဒီ Markarain 231 ဂလက်စီကတော့ Milky Way ကနေ အလင်းနှစ် သန်းပေါင်း ၅၈၁ သန်း ဝေးကွာတဲ့ နေရာမှာ တည်ရှိတယ်လို့ သိရပါတယ်။

သုတေသီတွေဟာ မြေပြင်အခြေစိုက် ရေဒီယိုစောင့်ကြည့်လေ့လာမှု အဆောက်အအုံတွေကနေ ဒီတွေ့ရှိမှုကို လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

စပိန်မှာ ရှိတဲ့ IRAM 30 meter တယ်လီစကုပ် နဲ့ ပြင်သစ်က NOEMA interferometer တို့မှာ  စောင့်ကြည့်လေ့လာမှုတွေကနေ ပထမဆုံးအကြိမ်အဖြစ် ပြင်ပ ဂလက်စီတစ်ခုမှာ molecular အောက်စီဂျင် ထုတ်လွှတ်မှုကို ထုတ်ဖော်နိုင်ခဲ့တာဖြစ်ကြောင်း Wang နဲ့ အခြား လုပ်ဖော်ကိုင်ဘက်တွေက  ရေးသားဖော်ပြခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly