ကိုရိုနာဗိုင်းရပ်စ်ကြောင့် အင်တာမီလန်နဲ့ ဆမ်ဒိုးရီးယားတို့ပွဲစဉ်အပါအဝင် စီးရီးအေပွဲစဉ်အချို့ကို ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အင်တာမီလန်နဲ့ ဆမ်ဒိုးရီးယားတို့ပွဲစဉ်အပါအဝင် စီးရီးအေပွဲစဉ်အချို့ကို ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို စိုးရိမ်တာကြောင့် အင်တာမီလန်နဲ့ ဆမ်ဒိုးရီးယားတို့ ပွဲစဉ်အပါအဝင် စီးရီးအေ ပွဲစဉ် (၃)ပွဲကို ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ဒီရွှေ့ဆိုင်းမှုကို အီတလီဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တီက စနေနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာဖြစ်ပါတယ်။

"အားကစားဝန်ကြီး စပါဒါဖိုရာက တနင်္ဂနွေနေ့မှာ ဗီနယ်တိုနဲ့ လွန်ဘိုင်းဒီဒေသတွေမှာ ကစားကြမယ့် ဘောလုံးပွဲစဉ်အားလုံးကို ရပ်ဆိုင်းဖို့ ရည်ရွယ်ထားပါတယ်။"လို့ ကွန်တီက ပြောပါတယ်။

ရွှေ့ဆိုင်းလိုက်တဲ့ ပွဲစဉ်တွေထဲမှာ ဗီရိုနာနဲ့ ကက်ကလီယာရီ၊ အတ္တလန္တာနဲ့ ဆက်ဆူအိုလိုတို့ ပွဲစဉ်တွေ ပါဝင်နေတာဖြစ်ပါတယ်။

အင်တာမီလန်အသင်းက တနင်္ဂနွေနေ့ ဆန်စီရိုမှာ ကစားမယ့် ပွဲရွှေ့ဆိုင်းမှုကို တွစ်တာမှာ အတည်ပြုခဲ့ပါတယ်။

စနေနေ့အစောပိုင်းမှာ တခြားဘောလုံးပွဲစဉ်တွေကိုလည်း ရွှေ့ဆိုင်းခဲ့တယ်လို့ သိရပါတယ်။

လွန်ဘိုင်းဒီရဲ့ မြောက်ပိုင်းဒေသက အမျိုးသမီးတစ်ယောက်ဟာ (၂၄)နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ ဒုတိယမြောက် သေဆုံးတဲ့ လူနာဖြစ်တာကြောင့် အခုလို ပွဲစဉ်တွေ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

လွန်ဘိုင်းဒီဒေသက မြို့တော်များများကို ပိတ်ထားပြီး ကျောင်းနဲ့ ရုံးများကိုလည်း ပိတ်ပင်ထားခဲ့သလို မတော်တဆမှုနဲ့ အရေးပေါ်ဌာနတွေနဲ့ ဝေးဝေးမှာ နေဖို့ ဒေသခံများကို တိုက်တွန်းခဲ့ပါတယ်။

ဒီဗိုင်းရပ်စ်အသစ်ဟာ ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်မှာ စတင်ဖြစ်ပွားခဲ့ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကို Covid-19 လို့ ခေါ်ဆိုထားပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရသူ (၇၅,၅၆၇)ဦးရှိခဲ့ပြီး (၂,၂၃၉)ဦး သေဆုံးခဲ့တယ်လို့ တရုတ်က ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံပြင်ပ နိုင်ငံပေါင်း (၂၆)နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ (၁,၂၀၀)ကျော် ရှိပြီး အနည်းဆုံး လူ (၈)ဦး သေဆုံးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရ သိရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly