ဗြိတိန်ပတ်စ်ပို့ လာမယ့်လမှာ အပြာရောင်အဖြစ် ပြန်လည် ပြောင်းလဲမည်

ဗြိတိန်ပတ်စ်ပို့ လာမယ့်လမှာ အပြာရောင်အဖြစ် ပြန်လည် ပြောင်းလဲမည်
Photo  - AFP

ဖေဖော်ဝါရီ ၂၃ ။              ။ ဥရောပ သမဂ္ဂကနေ ဗြိတိန်တရားဝင် နုတ်ထွက်လိုက်ခြင်းနဲ့အတူ ဗြိတိန်နိုင်ငံရဲ့ ပတ်စ်ပို့ဟာလည်း လက်ရှိ နီညိုရောင်ကနေ လာမယ့်မတ်လကနေစပြီး အပြာရောင် အဖြစ် ပြန်လည် ပြောင်းလဲသွားမယ်လို့ သိရပါတယ်။

ဗြိတိန်အနေနဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း အသုံးပြုခဲ့တဲ့ နီညိုရောင် ပတ်စ်ပို့တွေရဲ့နေရာမှာ မူလအစဉ်အလာဖြစ်တဲ့အပြာရောင် ပတ်စ်ပို့တွေနဲ့ ပြန်လည် အစားထိုးမယ့် အစီအစဉ်ကို ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သွားခဲ့တာဖြစ်ပါတယ်။

အီးယူ နေ့ရက်တွေ မတိုင်မီ သုံးခဲ့တဲ့ အပြာရင့်ရောင် ပတ်စ်ပို့တွေကို ပြန်ပြောင်းခြင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ဆန္ဒခံယူပွဲမှာ အီးယူအုပ်စုကနေ ထွက်ဖို့ မဲပေးခဲ့သူ ဗြိတိန်ပြည်သူတွေအတွက်တော့ ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

ဗြိတိန်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်မှာ အီးယူကနေ တရားဝင် နုတ်ထွက်ခဲ့ပြီး ဖြစ်ကာ သည်ပတ်စ်ပို့အသစ်တွေ မိတ်ဆက်မှုကိုတော့ မတ်လအစောပိုင်းကနေ စပြီး လုပ်ဆောင်ဖို့ ရှိနေပါတယ်။ ၂၀၂၀ နှစ်လယ်ပိုင်းကစလို့ ပတ်စ်ပို့အသစ် အားလုံးဟာ အပြာရောင်တွေ ဖြစ်နေတော့မှာ ဖြစ်ပါတယ်။

ဗြိတိန်တို့ရဲ့ မူလအစဉ်အလာ အပြာရောင် ပတ်စ်ပို့တွေကိုတော့ လွန်ခဲ့တဲ့ ၁၉၂၁ ခုနှစ်မှာ စတင် အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာ နီညိုရောင် ပတ်စ်ပို့တွေအဖြစ် ပြန်ပြောင်းထားခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly