ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၂ ဦး သေပြီးနောက် အီတလီမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၂ ဦး သေပြီးနောက် အီတလီမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေ
Photo  - AFP

ဖေဖော်ဝါရီ ၂၃ ။               ။ အီတလီမှာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီးနောက် ယခုအခါ နိုင်ငံတစ်ဝန်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ မြို့တွေမှာ ဆိုရင်လည်း ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့အတွက် စျေးဆိုင်တွေ၊ စာသင်ကျောင်းတွေကို ပိတ်ထားရတယ်လို့ ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က အီတလီဟာ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု ဖြစ်တဲ့ ပထမဆုံးသောနိုင်ငံ ဖြစ်လာခဲ့ပြီးနောက် ခုလို ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်လာနေခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်မှာတော့ အသက် ၇၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ယင်းဗိုင်းရပ်စ်ကြောင့် အသက်ဆုံးပါးခဲ့ရသလို ယင်းမတိုင်မီက အသက် ၇၈ နှစ်ရှိ အငြိမ်းစား ပန်းရံသမားတစ်ဦးလည်း ဗိုင်းရပ်စ်ကြောင့် သေဆုံးထားခဲ့တာဖြစ်ပါတယ်။

ခုချိန်မှာတော့ ဗိုင်းရပ်စ် ဖြစ်ပွားမှုအပေါ် စိုးရိမ်မှုတွေကြောင့် မြို့ပေါင်း ဒါဇင်နဲ့ချီမှာ ကန့်သတ်ပိတ်ဆို့မှုတွေ ရှိနေပြီး လမ်းတွေမှာလည်း အသွားအလာမရှိ ခြောက်ကပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

တချိန်တည်းမှာလည်းပဲ ကိုရိုနာဗိုင်းရပ်စ် နဲ့ပတ်သက်လို့ အထူးသတိထားရမယ့် ဇုန်တွေကိုလည်း သတ်မှတ်ထားပြီး ဒီဇုန်တွေမှာတော့ အထူးခွင့်ပြုချက် မပါဘဲ ဝင်ထွက်သွားလာမှုတွေ ခွင့်ပြုပေးသွားမှာမဟုတ်ကြောင်း အီတလီဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တီက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly