ဂူဂျာရက်၌ ထရမ့်သွားမည့်ယာဉ်တန်းတစ်လျှောက် ဆင်းရဲသားရပ်ကွက်များကို မမြင်စေရန် အုတ်တံတိုင်းဆောက်

ဂူဂျာရက်၌ ထရမ့်သွားမည့်ယာဉ်တန်းတစ်လျှောက် ဆင်းရဲသားရပ်ကွက်များကို မမြင်စေရန် အုတ်တံတိုင်းဆောက်
Photo  - AFP

ဖေဖော်ဝါရီ ၂၃ ။               ။  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိန္ဒိယနိုင်ငံကိုတရားဝင်ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၅ ရက်နေ့အထိ ၂ ရက်ကြာ သွားရောက်မှာဖြစ်ပြီး Ahmedabad မြို့က ခရစ်ကတ် အား ကစားကွင်းသစ်ကြီးမှာ လူသန်းပေါင်းများစွာက သူ့ကို တွေ့ဖို့ စောင့်ကြိုနေကြမှာဖြစ်ပါတယ်။

ဒါပေမယ့် မြို့တော်တာဝန်ရှိသူတွေဟာ လမ်းဘေးက ဆင်းရဲသားရပ်ကွက်တွေကို မမြင်စေလိုတဲ့အတွက် ထရမ့်တို့ယာဉ်တန်း သွားမယ့်လမ်းမှာ ၇၀၀ မီတာ (ပေ ၂၀၀၀) ကျော်အရှည်ရှိတဲ့ အုတ်တံတိုင်းကို တည်ဆောက်နေကြပါတယ်။

အားကစားရုံမှာလည်း လူ ၇ သန်းလောက်ရှိလိမ့်မယ်လို့ ထရမ့်က မျှော်လင့်ထားပြီး လမ်းတစ်လျှောက်မှာ သူ့ကို ပြည်သူတွေက စောင့်ကြိုနေကြမှာဖြစ်တယ်လို့ သတင်းထောက်တွေကို  အင်္ဂါနေ့တုန်းက ပြောခဲ့ပါတယ်။

ဂူဂျာရက်ပြည်နယ်ဟာ အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြရာမိုဒီရဲ့မွေးရပ်မြေဖြစ်ပြီး Ahmedabad မြို့မှာ ဆောက်နေတဲ့ အုတ်တံတိုင်းကြီးအကြောင်းကို အိန္ဒိယ သတင်းစာတွေနဲ့ လူမှုမီဒီယာတွေမှာ ပြက်ရယ်ပြုစရာအဖြစ် ဖော်ပြနေကြပါတယ်။

ဒါပေမယ့် ဒီအုတ်တံတိုင်းဆောက်တာဟာ လမ်းပေါ်ကျူးကျော်မှုတွေကို တားဆီးဖို့ လွန်ခဲ့တဲ့နှစ်လကတည်းက ဆုံးဖြတ်ခဲ့ကြတာလို့ မြူနီစီပယ်ကော်မရှင်နာ Vijay Nehra က တွစ်တာမှာ ရေးသားဖြေရှင်းခဲ့ပါတယ်။

ထရမ့်နဲ့မိုဒီတို့ဟာ ထိုင်ခုံပေါင်း တစ်သိန်း ကျော်ဝင်ဆံ့တဲ့ Motera အားကစားကွင်းသစ်ကြီးဖွင့်ပွဲကို တက်ရောက်ကြမှာဖြစ်ပြီး အဆိုပါကစားကွင်းဟာ ကမ္ဘာ့အကြီးဆုံး ခရစ်ကတ်ကစားကွင်းကြီးဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly