ကျပ်သိန်း ၉၀ ကျော် အကုန်ကျခံ ပြုပြင်မွမ်းမံထားသည့် နောက်ဖေးလမ်းကြားဥယျာဉ်သစ်

ကျပ်သိန်း ၉၀ ကျော် အကုန်ကျခံ ပြုပြင်မွမ်းမံထားသည့် နောက်ဖေးလမ်းကြားဥယျာဉ်သစ်
ပုံ - MOI  ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြားဥယျာဉ်တစ်ခု

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂။            ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၁ လမ်း၏ အိမ်နောက်ဖေး လမ်းကြားမှာ ဒို့အိမ်အဖွဲ့ကနေ ဦးဆောင်ပြီး ဖို့မြေရပ်ကွက်နေ ပြည်သူများနှင့် ပူးပေါင်းကာ ဖေဖော်ဝါရီ ၂၂ ရက်က နောက်ဖေး လမ်းကြား ဥယျာဉ်သစ် တစ်ခုကို ဖွင့်လှစ်ခဲ့သည်။

လူချစ် နတ်ချစ် ၁၀၁ ဟု အမည်ပေးထားသည့် အဆိုပါ နောက်ဖေးလမ်းကြား ဥယျာဉ်သစ်ကို နိုင်ငံတကာအဖွဲ့ အစည်း တစ်ခုဖြစ်သည့် IMC Worldwide နှင့် ရပ်မိရပ်ဖများ၏ ငွေကြေး အကူအညီကို ရယူကာ မြန်မာကျပ်ငွေ သိန်း ၉၀ ကျော် အသုံးပြုပြီး ဥယျာဉ်သစ် တစ်ခုအဖြစ် အကောင်အထည် ဖော်ခဲ့သည်ဟု ဒို့အိမ်အဖွဲ့၏  Landscape designer မစွမ်းရည်ထွန်းလွင်က ပြောသည်။

“နောက်ဖေးလမ်းကြား ပရောဂျက်တွေကိုတော့ Participating Design ဆိုတဲ့ နည်းလမ်းနဲ့ အခြေခံထားတာပါ၊ ဒါကတော့ ဒီဇိုင်းနာ တစ်ယောက်က လာဆွဲထားတာထက် ဒီမှာရှိတဲ့လူတွေကို စကားသေချာပြောပြီး ဆွေး  နွေးပြီး သူတို့ ဘာလိုချင် တာလဲ၊ ဘာအသုံးပြုချင်တာလဲ၊ တကယ်ရော ထိန်းသိမ်းနိုင် မလားဆိုတာကို အရင်ကြည့်ပါတယ်။ ဒါမှသာ သူတို့ တကယ် လိုက်ဖက်တဲ့ဟာ ဖြစ်တော့မှာသာ ထိန်းသိမ်းမယ်လို့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

ထို့နောက် ဖေးလမ်းကြား ဥယျာဉ်သစ်တွင် စက်ဘီးနင်းအားဖြင့် ရေထုတ်ပေးသည့်စက်၊ လှေသမ္ဗာန်၊ ရေလှိုင်းသဏ္ဍာန် ပုံဖော်ထားသော ကျန်းမာရေး ကျောက်တုံးများ အပါအဝင် နံရံပေါ်က ပန်းချီများကအစ  ရေနှင့်ပတ် သက်သည့် ခေါင်းစဉ် ဖြင့် ရေးဆွဲခဲ့ကြသည်။

အမှိုက်များ ရှုပ်ပွကာ ညစ်ပေနေသည့် နောက်ဖေးလမ်းကြား နေရာ တစ်ခုကနေ သန့်ရှင်းသပ်ရပ်သော နောက်ဖေးလမ်း ကြား ဥယျာဉ်သစ်တစ်ခု ဖြစ်လာရန် ရပ်ကွက်နေပြည်သူ ၁၀၀ ကျော်ဖြင့် ပူးပေါင်းကာ အချိန် တစ်နှစ် နီးပါး ပြင်ဆင်ခဲ့ရ သည်ဟု သိရသည်။

မစွမ်းရည်ထွန်းလွင်က “ဒီနေရာကို သဘောကျလို့ လာရောက်လည်ပတ်တာ၊ ဓာတ်ပုံ လာရိုက်တာတွေကို အရမ်း ကျေးဇူး တင်ပါတယ်၊ ဒါပေမယ့် ဒီလိုလာတဲ့ချိန်မှာ ကိုယ့်အိမ်လို သဘောထားပြီး စားသောက်ပြီးရင် အမှိုက် တွေမပစ်ဖို့ ဒီမှာထား ပေးတဲ့ ပစ္စည်းတွေကို ကြမ်းကြမ်းတမ်းတမ်း မကိုင်တွယ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောသည်။

၁၀၁ လမ်းတွင် နေထိုင်သည့် ဒေါ်အေးအေးမွန်က နောက်ဖေးလမ်းကြား ဥယျာဉ်ကို တာဝန်ရှိသူများက ပုံဖော်ပေးခဲ့ သော်လည်း ရေရှည်တည်တံ့အောင် ဆက်လက် ထိန်းသိမ်းရန်မှာ ဥယျာဉ်အနီး နေထိုင်သူများ၌ တာဝန်  ရှိကြောင်း ဆိုသည်။

“ကိုယ့်အိမ် ကိုယ့်နောက်ဖေးလမ်းကြားကို သန်ရှင်းဖို့ ကိုယ်တိုင် တာဝန်ယူရင်တော့ အကောင်းဆုံးပဲ၊ ကျွန်မတို့ဆို မြေညီထပ်မှာနေတယ်၊ ကိုယ့်အမှိုက်ကို တာဝန်ယူတယ်။ သူများဟာလည်း တက်နိုင်သလောက် ကူပေးတယ် စည်ပင် လာစရာမလိုဘူး။ ကိုယ့်အသိစိတ်နဲ့ကို လုပ်ရမှာချည်းပဲ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဒို့အိမ်အဖွဲ့သည် ပြည်သူများနှင့် ပူးပေါင်းကာ ၂၀၁၇ ခုနှစ်ကနေ စတင်၍ ရန်ကုန်မြို့တွင်း နေရာတချို့မှ နောက်ဖေးလမ်းကြား အမှိုက်များကို ရှင်းလင်းပေးခဲ့ပြီး နောက်ဖေးလမ်းကြား ဥယျာဉ် ၈ ခုကို ဖွင့်လှစ် ထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly