မောတောင် နယ်စပ်ဂိတ်အနီးမှာ ဘိန်းစာမှုန့် ၆၀၀ ကီလိုကျော်ကို ဖမ်းဆီးရမိ

မောတောင် နယ်စပ်ဂိတ်အနီးမှာ ဘိန်းစာမှုန့် ၆၀၀ ကီလိုကျော်ကို ဖမ်းဆီးရမိ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မောတောင်၊ ဖေဖော်ဝါရီ (၂၂)။                  ။ တနင်္သာရီတိုင်းဒေသကြီး မြန်မာ-ထိုင်း မောတောင်နယ်စပ်ဂိတ်အနီးက ထိုင်းနိုင်ငံ Dan Singkhon ဂိတ်တွင် ဖေဖော်ဝါရီ လ ၂၀ ရက် ညနေ ၅ နာရီ အချိန်၌ မြန်မာဘက်မှ သယ် ဆောင်လာသည့် ဘိန်းစာမှုန့် မူးယစ်ဆေးဝါး ၆၀၀ ကီလိုဂရမ် ကျော်နှင့်အတူ အမျိုးသား နှစ်ဦးကို ထိုင်းနယ်ခြားစောင့် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဘိန်းစာမှုန့် မူးယစ်ဆေးဝါး ၆၁၉ ကီလိုဂရမ်ကို စုစုပေါင်း ဓာတ်မြေသြဇာ ၁၈ အိတ်ဖြင့် မောတောင်မြို့၊ အမှတ် ၃ ရွာအနီး ဥယျာဉ်ခြံတစ်ခုအတွင်းမှ ငှက်ပျောသီးများနှင့်အတူ ဖုံးအုပ်၍ ကားဖြင့်တင်ဆောင်လာပြီး မောတောင် နယ်စပ် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်စဉ် ထိုင်းနယ်ခြားစောင့်စစ်ဆေးရေးဂိတ်မှ မသင်္ကာသည့်အတွက် ရပ်တန့် စစ်ဆေးရာမှာ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မောတောင်မြို့ နယ်မြေ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက“ဒါကတော့ ဘိန်းစာမှုန့်တွေ တင်ဆောင်လာတဲ့ ကားကို ထိုင်းနယ်ခြားစောင့် စစ်ဆေးရေးဂိတ်က ဖမ်းမိတာ ဖြစ်တယ်၊ ကျွန်တော်တို့ဘက်က မိတာမဟုတ်  ပါဘူး၊ နောက်ပြီး ဖမ်းမိ တဲ့ သံသယရှိ လူနှစ်ဦး ကရင်လူမျိုး ထိုင်းနိုင်ငံသား ခံယူထားတဲ့ သူတွေ ဖြစ်တယ်”ဟု ပြောသည်။

ဘိန်းစာမှုန့် မူးယစ်ဆေးဝါး ၆၁၉ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိသူများကတော့ ဘိန်းစာမှုန့်အထုပ် မူးယစ်ဆေးဝါးများကို တင်ဆောင်လာသူ ယာဉ်မောင်း အသက် ၄၄ နှစ်အရွယ်ရှိ Mr. Wichai Chan Upatham နှင့်  အသက် ၂၈ နှစ်အရွယ် Mr. Thongmeeena တို့ ဖြစ်ပြီး ထိုင်းနိုင်ငံသား ခံယူထားကြသူများ ဖြစ်ကြောင်း သိရသည်။

ထိုလူနှစ်ဦးသည် ထိုင်းနိုင်ငံ Phetchaburi ခရိုင်အတွင်း နေထိုင်သူများဖြစ်၍ ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူနိုင်ရန် စစ်ဆေး ဆောင်ရွက်နေကြောင်း Prachuppost Newspaper တွင် ရေးသား ဖော်ပြထားသည်။

မြန်မာနိုင်ငံဘက်မှ ဖြတ်သန်းသွားပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှာ ဖမ်းဆီးရမိခဲ့ခြင်းက မိမိတို့ ဂိတ်ပိတ်ထားသည့် အချိန် ဖြစ်သလို စစ်ဆေးသည့်အခါမှာလည်း မတွေ့ရှိခဲ့ဘဲ တောလမ်းအရောက်မှ ပြန်တင်ခြင်းဖြစ်နိုင်ကြောင်း နယ်စပ် ကုန်သွယ်ရေး စစ်ဆေးရေးဂိတ်မှ တာဝန်ရှိ ရဲတပ်ဖွဲ့ တစ်ဦးက ပြောသည်။

“ ပုံမှန်အားဖြစ်ကတော့ ကျွန်တော်တို့ နယ်စပ်ဂိတ် အနေနဲ့ အဝင်/ထွက် ကုန်ကားတွေကို နယ်စပ်ကုန်သွယ်ရေး စစ်ဆေး ရေး ရဲဂိတ်က စစ်ဆေးတာမျိုး ပြုလုပ်နေပါတယ်။ အခု ဘိန်းစာမှုန့်တွေ တင်ထားတဲ့ကားကို ဖမ်းမိ တာက အဲ့နေ့က နယ်စပ် ဂိတ်ပိတ်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ စစ်ဆေးတဲ့ အချိန်မှာ မတွေ့ရပါဘူး၊ ကျွန်တော်ထင် တာက သူတို့ မူးယစ်ဆေးဝါးတွေကို တောလမ်း အရောက်မှာ ပြန်တင်ပြီး၊ ထိုင်း ဘဘက်ကို ပို့ဆောင်တာ ဖြစ်မယ်” ဟု ၎င်းက ပြောသည်။

မြိတ်ခရိုင်၊ မောတောင် နယ်စပ်ဂိတ်နှင့် ထိုင်းနိုင်ငံ Phetchaburi ခရိုင် Dan Singkhon ဂိတ်သည် မြန်မာ-ထိုင်း နှစ်နိုင်ငံမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ဒေသခံ ပြည်သူများ နေ့စဉ် အပြန်အလှန် ကူးသန်း သွားလာနေသည့် နယ်စပ်ဂိတ်ကြီးတစ်ခု ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required