မြစ်ရေစည်းချက် . . . ဧရာဝတီ (၄)

မြစ်ရေစည်းချက် . . . ဧရာဝတီ (၄)

သန့်ဇော် (သန်လျင်)

တစ်မျက်နှာဆောင်းပါး

အန်မိုင်ခရဲ့ ယခင်နဲ့ ယခု

ကမ္ဘာပေါ်က ရေချိုအပေါဆုံးနိုင်ငံတွေထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ မြို့ကြီးတွေမှာ အရင်တုန်းကတော့ အထူးသဖြင့် ရန်ကုန်မြို့မှာ သောက်ရေကို ဂျိုးဖြူကန်၊ ဖူးကြီးကန်၊ ထူးကြီး ကန်တွေကနေ ပိုက်လိုင်းသွယ်ပြီး သောက်သုံးကြပေမယ့် ဧရာဝတီ ၊ ချင်းတွင်း ၊ စစ်တောင်း နဲ့ သံလွင်မြစ်ကမ်းတွေနဲ့ နီးတဲ့နေရာတွေမှာတော့ မြစ်ရေကိုပဲ စစ်ပြီး သောက်ကြရပါတယ်။ ဒီဖက်ခေတ်ရောက်လာတဲ့အခါမှာတော့ မြို့ကြီးတွေမှာ ရေသန့်ဘူးတွေက ရေကိုသောက်ကြပြီး မြစ်ကမ်းနံဘေးနေသူ တစ်ချို့တွေကတော့ မြစ်ရေကို သောက်နေရတုန်းပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက မြန်မာပြည်အထက်ပိုင်း ခေါင်လန်ဖူးကနေ ချီဖေွအထိ တောက်လျောက် မြစ်အတိုင်း ဆင်းချလာတဲ့ အခါမှာတော့ ကျွန်တော်တို့ရဲ့ (အန်မိုင်ခ)မေခမြစ်ရေ ဟာ မြန်မာနိုင်ငံအတွက် တန်ဖိုး အလွန်ရှိတာကို ဆင်ခြင်မိပါတော့တယ်။ မြန်မာနိုင်ငံရဲ့ သန့်ရှင်းကြည်လင်တဲ့ရေနဲ့ ရေအရင်းအမြစ် ပေါကြွယ်ဝတာကို မျက်ဝါးထင်ထင်ပါပဲ။ ခုခေတ်မှာ ရေကို သယံဇာတလို့တောင် ခေါ်ဝေါ်နေကြပြီပဲ ဖြစ်ပါတယ်။

စိတ်မကောင်းစရာကတော့ မြစ်ကမ်းဘေးအချို့နဲ့ မြစ်ရဲ့တစ်ဖက်တစ်ချက်ရဲ့ တောင်တန်းတွေမှာ တစ်နိုင်တပိုင် ရွှေတူးသူတွေနဲ့ သတ္တုတူးဖော်နေသူတွေကြောင့် မြစ်ရေကို မသန့်မရှင်းဖြစ်စေ နေပါတယ်။  တောင်ပေါ်တွေက သစ်ပင်တွေကတော့ နဝတ ၊ နအဖ တပ်မတော်အစိုးရလက်ထက်  ၁၉၉၃ မှ ၂၀၀၇ ခုနှစ် ကာလအပိုင်းအခြားတွေမှာဆိုရင် သစ်ထုတ်ရောင်းစားတဲ့ စီးပွားရေးလုပ်ငန်းတွေ အလွန်အမင်းများပြားခဲ့တာကြောင့် သစ်ထုတ် ရောင်းမှုတွေ ကြာလာတာနဲ့အမျှ သစ်တောများဟာလည်း ပျက်သုန်းခဲ့တာတွေရှိလို့ မုတ်သုံသစ်တောကြီးလည်း အဲဒီနေရာတွေမှ တစ်ဖက်နိုင်ငံကို ရောက်သွားပြီး ကွယ်ပျောက်ခဲ့ရပါတယ်။ ယခုတော့ သစ်ခိုးသမားတွေနဲ့ အသေးစား သတ္တုတူးဖော်နေကြတာတွေပဲ တွေ့ရပါတော့တယ်။

မြန်မာနိုင်ငံမြောက်ဖျားက အဲဒီဒေသတွေဟာ ဟိုးလွန်ခဲ့တဲ့နှစ်တွေမှာတုန်းကဆိုရင် ဘယ်လောက် သာယာလှပလိမ့်မလည်းဆိုတာ ဘယ်သူမဆို ခန့်မှန်းနိုင်လောက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀ အချိန်ကာလအထိ ဧရာဝတီမြစ်ရဲ့ အထက်ပိုင်းကို ဘယ်သူမှ မသိကြသေးပါဘူး။ အတိအကျ ပြောရရင် ဗန်းမော်မြို့ အထိသာ ဧရာဝတီမြစ်ကို သိရှိပါသေးတယ်။ ဗန်းမော်မြို့ကို လွန်ပြီး ဧရာဝတီမြစ် အထက်ပိုင်းကို ဘယ်သူမှ မသိကြဘူးလို့ စာပေတွေမှာ ဖတ်ရှုရပါတယ်။ သီပေါဘုရင် ပါတော်မူပြီး ၁၀ နှစ်အကြာ ၁၈၉၅ ခု၊ ဇန်နဝါရီလမှာ ပြင်သစ်ပြည်က မင်းသား ဟင်နရီ (Prince Henri d’Orleans) ဟာ ဗီယက်နန်ပြည် (ဟနွိုင်းမြို့အနီး) ဟိုင်ဖုံဆိပ်ကမ်းကနေ အိန္ဒိယနိုင်ငံ ကာလကတ္တားကို ခြေလျင် ခရီးကြမ်း သွားခဲ့ပါတယ်။ ဒုက္ခအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ပြီး တစ်နှစ်အကြာ၊ ၁၈၉၆ခု၊ ဇန်နဝါရီလမှာတော့ ကာလကတ္တားသို့ ရောက်ရှိသွားပါတယ်။

သူရဲ့ ရည်ရွယ်ချက်က ဧရာဝတီမြစ်ရဲ့ အစကို ရှာဖွေရန်ပဲ ဖြစ်ပါတယ်။ သူရဲ့ ဝါသနာအရ ကမ္ဘာကြီးက မသိသေးတဲ့ တိရစ္ဆာန်များ၊ ထူးဆန်းလှပတဲ့ သစ်ပင်ပန်းမန်တွေကို ရှာဖွေမှတ်တမ်းတင်ဖို့နဲ့  သိပ္ပံပညာ စူးစမ်းလေ့လာဖို့ သက်သက် သွားရောက်ခြင်း ဖြစ်ပါတယ်။ သူခရီးသွားတဲ့အခါ ပြင်သစ်ပိုင် ဆစ်ပ်ဆောင်ချူတိုင် (ချူထိုင် ၁၂ နယ်)၊ မြန်မာပိုင်ခဲ့ဖူးတဲ့ ဆစ်ပ်ဆောင်ပန္နား (လူး ၁၂ ပန္နား)၊ ယူနန်နယ် မဲခေါင်မြစ်-သံလွင်မြစ်တို့ကို ဖြတ်သန်းပြီး မြန်မာပြည်မြောက်ဖျား လူသူအရောက်ပေါက် ခဲယဉ်းလှတဲ့ “ခမ္မတီးနယ်” ကို ဖြတ်သွားတာပဲ ဖြစ်ပါတယ်။ “ခမ္မတီး” (Kampti) ဆိုတာ ချင်းတွင်းမြစ်ပေါ်က “ခန္တီး” နယ် မဟုတ်ပါ။

ပြင်သစ်မင်းသားနဲ့အဖွဲ့ကို ခမ္မတီးစော်ဘွား “လုံးခွန်” နှင့် အမတ်ချုပ် “ဦးဟေထောင်” တို့က ကြိုဆိုကြတယ်လို့ သိရပါတယ်။ သူတို့တည်းခိုဖို့ သက်ကယ်မိုး ဇရပ်တစ်ဆောင်တောင် ပေးထားပါတယ်။

မင်းသား ဟင်နရီနဲ့ ပါလာတဲ့ အင်ဂျင်နီယာ အီမိုင်းရော့ ( Emile Roux) က ဧရာဝတီနှင့် ပတ်သက်ပြီး မှတ်ချက်ရေးထားတာကတော့ ဧရာဝတီ မြစ်ဖျားဒေသမှာ ချောင်းမြောင်းတွေ အများကြီး။ အဲဒီ ချောင်းမြောင်းတွေ ဖြစ်လာမယ့် မိုးရေခံတဲ့ဒေသ (Basin) ကလည်း ဧရာမ ဧရာမ အကျယ်ကြီး။

ရွာတဲ့ မိုးရေချိန်ကလည်း အများကြီး။ သစ်တောကြီးတွေကလည်း ဧရာမ ဧရာမ အကျယ်ကြီး။ မျက်စိတစ်ဆုံး (သစ်တောကြီးရင် မိုးများတယ်ဆိုတဲ့ ပတ်ဝန်းကျင် ဆက်နွယ်မှုကို ဆိုလိုတာ ဖြစ်ပါတယ်)။ မိုးမရှိတဲ့ နွေကာလ မှာတောင် မြစ်ဖျား ချောင်းဖျားမှာ ရေအပြည့် စီးဆင်းနေတယ်။ ဘာလို့ဆိုရင် တောင်ထိပ်က ရေခဲတွေ အရေပျော်လို့ ဖြစ်ပါသတဲ့။ ဒီအကြောင်း တွေကြောင့် ဧရာဝတီမြစ်ဟာ ဧရာမ ရေအလျဉ်ကြီး ဖြစ်နေတာကို တွေ့မြင် မှတ်တမ်းတင်ခဲ့တာကို ဖတ်ဖူးခဲ့ပါတယ်။

ခုတော့ အရင်က မေခမြစ် ၊ အခု မေခမြစ်။ အရင်က ဧရာဝတီ ၊ အခု ဧရာဝတီ လို့ ပြောနေလို့လည်း ကျွန်တော်တို့ ဘာမှ ထူးခြားလာမှာမဟုတ်ပါဘူး၊ အနာဂတ်အတွက် သေချာတာကတော့ ကျွန်တော်တို့ တိုင်းပြည်ချစ်စိတ်၊ သဘာဝပတ်ဝန်းကျင်ချစ်စိတ်တွေနဲ့ တစ်ခုခု လုပ်ရပါတော့မယ်။

ဘာတွေ လုပ်ကြမလဲ . . ။  ။

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)

Mizzima Weekly