နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲအမီ ပြန်လွှတ်ပေးရန် ဆန္ဒပြ

နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲအမီ ပြန်လွှတ်ပေးရန် ဆန္ဒပြ

ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသားများအား နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အမီလွှတ်ပေးရန် အတွက်  မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် အောက်တိုဘာ ၃၀ ရက်က တစ်ကိုယ်တော် ဆန္ဒပြ တောင်းဆိုခဲ့သည်။

ချောင်းဦးမြို့နယ် စည်ပင်သာယာဈေး အရှေ့ဘက်တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး "ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသားများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ ဝန်းရံပြည်သူများကို
ရွေးကောက်ပွဲ အမီ လွှတ်ပေးပါ" ဟုသော ဗီနိုင်းဆိုင်းဘုတ်အား ကိုင်ဆောင်ကာ နံနက် ၉နာရီမှ ၁၀ နာရီထိ တစ်နာရီကြာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

"နိုင်ငံရေး အကျဉ်းသားတစ်ယောက် ထောင်ထဲမှာ ရှိနေခဲ့ရင်တောင် ဒီရွေးကောက်ပွဲကြီးဟာ သန့်ရှင်းပါတယ်၊ မျှတပါတယ်လို့ ပြောလို့မရပါဘူး၊ အခုဟာက နိုင်ငံရေးအကျဉ်းသား မြောက်များစွာကို ထောင်ထဲမှာ ဖမ်းချုပ်ထားပြီးတော့မှ လုပ်တဲ့ ရွေးကောက်ပွဲကြီးကို ကျွန်တော်တို့ အယုံအကြည် မရှိပါဘူး" ဟု ဆန္ဒထုတ်ဖော်သူ ဦးကျော်ဆွေ (မောင်မြေမွန်-ချောင်းဦး)က ပြောသည်။

ဦးကျော်ဆွေသည် တရားဝင်ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ယခင်က ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်ခဲ့မှုဖြင့် ပုဒ်မ ၁၈ ဖြင့် ထောင် နှစ်ကြိမ် ချမှတ်ခံခဲ့ရကြောင်း၊ ယခင်အစိုးရလက်ထက်တွင်လည်း ထောင်ဒဏ် လေးကြိမ် ချမှတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required