တရုတ်တွင် ကိုရိုနာကူးစက်ခံရမှုနှုန်းကျဆင်း သေဆုံးသူ ၂၃၄၅ ဦးရှိ

တရုတ်တွင် ကိုရိုနာကူးစက်ခံရမှုနှုန်းကျဆင်း သေဆုံးသူ ၂၃၄၅ ဦးရှိ
Photo  - AFP

ဘေကျင်း၊ ဖေဖော်ဝါရီ ၂၂။               ။ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကြောင့် ယမန်နေ့က ၁၀၉ ဦးထပ်မံသေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်အထိ စာရင်းအရ သေဆုံးသူစုစုပေါင်း ၂၃၄၅ ဦး ရှိပြီဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ထပ်မံကူးစက်ခံရသူဦးရေမှာလည်း နိုင်ငံအဝှမ်း ၃၉၇ ဦးသာ ရှိခဲ့တာကြောင့် ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ကူးစက်ခံရသည့်အရေအတွက် ၉၀၀ နီးပါးထက်စာလျှင် သိသိသာသာ ကျဆင်းသွားခဲ့ပြီဖြစ်ကာ စုစုပေါင်း ၇၆၀၀၀ ကျော် ရှိပြီဖြစ်သည်။

ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့ရာ ဟူဘေးမှ တာဝန်ရှိသူများကို ကိန်းဂဏန်းအချက်အလက်များနှင့်ပတ်သက်ပြီး သေချာစိစစ်ရန် ညွှန်ကြားပြီးနောက် ယခုကဲ့သို့ ကူးစက်ခံရမှုနှုန်းထားများ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကစ၍ ကျန်းမာရေးတာဝန်ရှိသူများသည် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ မရှိ စမ်းသပ်ရာမှာ ဓာတ်ခွဲခန်းဆေးစစ်ချက်ရလဒ်များအပြင် အဆုတ်၏ကျန်းမာရေးအခြေအနေကိုပါ ဆေးပညာရှုထောင့်အရ စစ်ဆေးကာ ထည့်သွင်းစဉ်းစားခဲ့ကြသည်။

တရုတ်နိုင်ငံပြင်ပ၌လည်း ကူးစက်ခံရမှုနှုန်းမြင့်တက်လာသောကြောင့် စိုးရိမ်လျက်ရှိကြပြီး ယခုဆိုလျှင် နိုင်ငံပေါင်း ၂၅ ကျော်ကို ပျံ့နှံ့ခဲ့ကာ လူပေါင်း တစ်ဒါဇင်ကျော်ကို သေဆုံးစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly