ကယ်လီးဖိုးနီးယား လူနေရပ်ကွက်အတွင်း လျှောက်သွားနေသည့် ဝက်ဝံကြီး

By AFP/ New York Post
22 February 2020
ကယ်လီးဖိုးနီးယား လူနေရပ်ကွက်အတွင်း လျှောက်သွားနေသည့် ဝက်ဝံကြီး
Photo  - AFP

ဖေဖော်ဝါရီ ၂၂။              ။ ကယ်လီဖိုးနီးယားပြည်နယ် မွန်ရိုးဗီးယားမြို့က လူနေရပ်ကွက်အတွင်းမှာ ဝက်ဝံကြီးတစ်ကောင်ဟာ နှစ်ရက်ခန့် လှည့်လည်သွားလာနေခဲ့ပြီး သောကြာနေ့မနက်ပိုင်းက မေ့ဆေးပေးကာ ဖမ်းလိုက် ရကြောင်းသိရပါတယ်။

အစာလိုက်ရှာနေပုံပေါ်ပြီး မူလတန်းကျောင်းအနီးနဲ့ လမ်းကြားတွေထဲမှာ အမှုမထားသလို ခပ်တည်တည်နဲ့ လျှောက်သွားနေတဲ့ ဝက်ဝံကြီးကို လမ်းသွားလမ်းလာတွေက ဗီဒီယိုမှတ်တမ်းတင်ရိုက်ကူးခဲ့ကြပါတယ်။

လူမှုမီဒီယာအသုံးပြုသူတွေကလည်း ဝက်ဝံကြီးနဲ့ ဝေးဝေးနေကြဖို့၊ အနားမကပ်ဘဲ ကင်မရာ zoom နဲ့ ချဲ့ပြီးတော့သာ လှမ်းကြည့်ဖို့ သတိပေးကြပါတယ်။ ဝက်ဝံကြီး ကြည့်ရတာ ဇဝေဇဝါဖြစ်နေပုံပေါ်ပြီး သောင်းကျန်းခြင်း မရှိပါဘူး။

ဝက်ဝံကြီးကို ၎င်းလာရာနေရာကိုပြန်ပို့ဖို့ ထိန်းသိမ်းခဲ့ရတာဖြစ်တယ်လို့ ကယ်လီဖိုးနီးယား ငါးနှင့်တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။

အဲဒီနောက် ဝက်ဝံကြီးကို မေ့ဆေးပေးကာ ထိန်းသိမ်းခဲ့ကြပြီး ၎င်းကျက်စားရာနေရာကို ပြန်ဖို့ဖို့ စီစဉ်ခဲ့ကြပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ ခန့်မှန်းခြေအားဖြင့် ဝက်ဝံနက်အကောင်ရေ ၃၀ ၀၀၀ ကနေ ၄၀ ၀၀၀  ကြား ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly