ကိုရိုနာကြောင့် တရုတ်မှ ပြေးလာသူတွေရဲ့ ဘတ်စ်ကားတွေကို ယူကရိန်း ဆန္ဒပြသူတွေ တိုက်ခိုက်

ကိုရိုနာကြောင့် တရုတ်မှ ပြေးလာသူတွေရဲ့ ဘတ်စ်ကားတွေကို ယူကရိန်း ဆန္ဒပြသူတွေ တိုက်ခိုက်
Photo  - AFP

ဖေဖော်ဝါရီ ၂၂။           ။ ယူကရိန်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံကနေ ထွက်ပြေးလာသူတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတွေကို ဆန္ဒပြသူ ဒါဇင်များစွာက တိုက်ခိုက်ကြပါတယ်။

ထွက်ပြေးလာသူတွေကို ပိုတာဗာဒေသ နိုဗီဆန်ဇာရီမြို့က ဆေးရုံဆီ ပို့ဆောင်ပြီး ၁၄ ရက်ကြာ ရောဂါခြေချုပ်နဲ့ ထားရှိမှာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေအနေနဲ့ လူသားချင်း စာနာထောက်ထားကြဖို့ သမ္မတ ဇီလန်စကီးက တိုက်တွန်းပြောဆိုပါတယ်။

အခုလို ထွက်ပြေးလာသူတွေမှာ အချို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ အီးမေးလ်တုတစ်စောင် ထွက်ပေါ်ခဲ့တယ်လို့ ယူကရိန်း လုံခြုံရေးဌာန SBU က ဆိုပါတယ်။

အဲဒီ သတင်းတု ထွက်ပေါ်မှုကို SBU တာဝန်ရှိသူတွေက လိုက်လံစုံစမ်းစစ်ဆေးလျက် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

တရုတ် ဟူဘေးပြည်နယ်ကနေ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ယူကရိန်းမှာတော့ ကူးစက်မှု မရှိသေးပါဘူး။

ပြေးလာသူတွေအပေါ် တစ်သွေးတစ်သားတည်း ရှိကြောင်း ပြသဖို့ ယူကရိန်း ကျန်းမာရေးဝန်ကြီး အမျိုးသမီးဖြစ်သူ ဇောယာနာက သူပါ ရောဂါခြေချုပ်မှာ သွားရောက်နေထိုင်ပြီး ဝန်ကြီးဌာန အလုပ်ကို Skype ကမှ လုပ်သွားမယ်လို့ ဆိုပါတယ်။

“ခုလို ကျွန်မပါ ရောဂါခြေချုပ်သူတွေနဲ့ အတူသွားနေတယ်ဆိုရင် နိုဗီဆန်ဇာရီမြို့မှာတင်မကဘူး နိုင်ငံရဲ့ ကျန်ဒေသတွေမှာလည်း စိတ်အေးလက်အေး ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။”ဟု သူက ပြောပါတယ်။

ပြေးလာသူတွေမှာ မကျန်းမမာ နာဖျားမကျန်း ဖြစ်သူ မရှိဘူးလို့လည်း ၎င်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယူကရိန်းနိုင်ငံသား ၄၅ ဦးနဲ့ နိုင်ငံခြားသား ၂၇ ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ဗဟိုချက်ဖြစ်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ယူကရိန်းအရှေ့ပိုင်း ခါကိဗ်ဒေသဆီ လေယာဉ်နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

သူတို့ကို ဘတ်စ်ကားခြောက်စီးနဲ့ နိုဗီဆန်ဇာရီမြို့က ဆေးရုံဆီ ခေါ်ဆောင်သွားရာမှာ ဆန္ဒပြသူတွေက မီးကွင်းတွေ၊ ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly