ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွား ဝင်ရောက်မှု ၃၀ ရာခိုင်နှုန်း ကျဆင်းဟုဆို

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွား ဝင်ရောက်မှု ၃၀ ရာခိုင်နှုန်း ကျဆင်းဟုဆို
ပုံ - AFP  ပုဂံတွင် တွေ့ရသော နိုင်ငံခြား ခရီးသွားများ

ရန်ကုန်၊ဖေဖော်ဝါရီ ၂၁  ။                 ။  ကိုရိုနာဗိုင်းရပ်စ် (Covid-19)ကြောင့်  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တရုတ်နိုင်ငံဘက်က လေယာဉ် အဝင် အထွက် တချို့ကို ပိတ်ပင် ထားခဲ့ပြီးနောက်ပိုင်း တရုတ်ခရီးသွား ဝင်ရောက်မှု ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ခရီးသွား လုပ်ငန်းဆိုင်ရာ ကော်မတီက ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဒေါ်နော် ပန်းသဉ္ဇာမျိုးက “တရုတ် ခရီးသွား ဧည့်သည်တွေက ရန်ကုန်-ငွေဆောင် သုံးညအိပ် လေးရက်ခရီးစဉ် အများဆုံး လည်ပတ်တာရှိတယ်၊ တစ်ဦးကို နှစ်သိန်းလောက် သုံးစွဲတယ်။ ဒီဝင်ငွေတွေက ထိခိုက်မှု ရှိ သွားတာပေါ့၊ ထိခိုက်မှုတွေ ရှိတယ်ဆိုပေမယ့်လည်း ဒါက တစ်ကမ္ဘာလုံးဖြစ်တာလေ။ ဒီထိခိုက်မှုကို ကြည့်ပြီး ပေးဝင်မလားဆိုတော့ လည်း ကိုယ့်နိုင်ငံသူ/နိုင်ငံသားတွေ ရောဂါ ကူးကုန်မှာလေ”ဟု ပြောသည်။

တရုတ်နိုင်ငံမှ လေကြောင်းလိုင်းများ မြန်မာနိုင်ငံသို့ ပြေးဆွဲခွင့် မပိတ်ခင် ၅ ရက်အတွင်းတွင် တရုတ်ခရီးသွား ၆၂၀၀ ကျော် လာရောက်ခဲ့ပြီး တရုတ်လေကြောင်းလိုင်းတချို့ ပိတ်ပင်ပြီး နောက် ၅ ရက်အ တွင်း၌ တရုတ်ခရီးသွား ၃၉၀၀ ကျော်သာ ဝင်ရောက်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု မရှိခင်က မြန်မာနိုင်ငံမှ လေကြောင်းလိုင်း ၂ လိုင်းနှင့် တရုတ်နိုင်ငံက လေကြောင်းလိုင်း ၁၄ လိုင်းတို့ဖြင့် တရုတ်-မြန်မာ အသွားအပြန် ပြေးဆွဲပေးခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံ ကူမင်း၊ ရှန်ဟိုင်း၊ မန်ရှီ၊ ကွမ်ကျိုး စသည့် မြို့နယ်လေးခုက လေကြောင်းလိုင်း ၄ ခုကိုသာ ပြေးဆွဲခွင့် ပြုထားကြောင်း သိရသည်။

တရုတ်ခရီးသွား ဝင်ရောက်မှု ရာခိုင်နှုန်း ကျဆင်းလာသလို မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွား ရာခိုင်းနှုန်းမှာလည်း ၅၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ခရီးသွား လုပ်ငန်းဆိုင်ရာကော်မတီ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့သည်။

ခရီးသွား ဝင်ရောက်မှု ရာခိုင်နှုန်း ကျဆင်းလာခြင်းအပေါ် လက်ရှိတွင် မဖြေရှင်းနိုင်သေးသော်လည်း နောက်ပိုင်းမှာ ပြန်လည်တိုးတက်လာရန် နည်းလမ်းပေါင်းစုံကနေ နိုင်ငံတော်က ကူညီသွားမယ်ဟု ဝန် ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ဆိုသည်။

“တချို့သော policy လေးတွေ ကျွန်မတို့ ပြည်သူတွေ ရောဂါကူးစက်မှာစိုးလို့ ဗီဇာပိတ်ထားတာရှိတယ်၊ ဒီအတွက် ကျဆင်းသွားတယ်။ နောက်ပိုင်းကျ ဗီဇာပေါ်လစီမှာ ဒီထက်မက ဘယ်လောက်နှစ်အထိ ဖြေလျော့ပေးမလဲ၊ နောက်ပိုင်းကျ ရောဂါဖြစ်ပွားတဲ့ လူတစ်ယောက်မှလည်း မရှိဘူးဆိုရင် ရဲရဲတင်းတင်း လာလို့ရပါတယ်။ ခရီးသွားလုပ်ငန်းကို promotion လုပ်တဲ့အခါ နိုင်ငံတော်က ပူးပေါင်းဆောင် ရွက်လို့ ရပါတယ်”ဟု ၎င်းက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံက ဆိုက်ရောက်ဗီဇာကို ပိတ်ပင်ထားပြီး ဥရောပနိုင်ငံများကနေ မြန်မာနိုင်ငံကို လာရောက် လည်ပတ်မည့် ခရီးစဉ်ဘိုကင်များ ဖျက်သိမ်းမှုများ ရှိနေသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု ကျဆင်းလာသည်နှင့်အတူ ဟိုတယ်လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများတွင်လည်း ထိခိုက်နစ်နာမှုများ ရှိနေသည်ဟု Nature Dream Travel ခရီးသွားလုပ်ငန်းမှ မန်းနေးဂျင်းဒါရိုက်တာ မစံပယ်အောင်က ၂၀၂၀ ခုနှစ်၊ဖေဖော်ဝါရီ ၁၂ ရက်က မဇ္ဈိမသို့ ပြောထားသည်။

“ဟိုတယ်တွေမှာလည်း ဧည့်ဝင် အရမ်းနည်းသွားတယ်၊ ရာခိုင်နှုန်းအားဖြင့် ပြောရမယ်ဆို ရှေ့လာမယ့် ဧည့်သည် ဘိုကင် တွေ ပျက်တာက ၅၀ ရာခိုင်နှုန်းကနေ ၈၀ ကြားပေါ့။ တရုတ်ဧည့်သည်တွေဆိုရင် ရပ်ဆိုင်းသလောက် ဖြစ်နေပြီ”ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly