ပဲခူးမြို့ NLD ရပ်ကျေးရုံး ဖောက်ထွင်းခံရ

By မေရည်ငြိမ်းချမ်း
21 February 2020
ပဲခူးမြို့ NLD ရပ်ကျေးရုံး ဖောက်ထွင်းခံရ
ဓာတ်ပုံ -  မောင်သွင်

ရန်ကုန်၊ဖေဖော်ဝါရီ ၂၁ ။              ။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥသာမြို့သစ် ရပ်ကွက်ကြီး (၄)ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရပ်ကျေးရုံး ခန်း ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက ဖောက်ထွင်းခံရကြောင်း ပဲခူးတိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌ ဦးသိန်းတန်က ပြောသည်။

ပဲခူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်(၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေ ကလည်း ရုံးခန်းမှ စာရွက်စာတမ်းများ ယူဆောင်သွားသလို ဗီနိုင်းများ ဆုတ်ဖြဲခံထားမှုများ ရှိကြောင်း ပြော သည်။

ပဲခူးတိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌ ဦးသိန်းတန်က “ရုံးခန်းမှာ ရုံးစောင့်မရှိပါဘူး။ အစည်းအဝေးလုပ်မှ ဖွင့်တာဆိုတော့ ပိတ်ထားတာ များပါတယ်။ မနေ့ညက သန့်ရှင်းရေးလုပ်မှ ရုံး အဖောက်ခံရမှန်း သိပါတယ်။ ခြံစည်းရိုး သံတခါးကသော့ကို ရိုက်ဖျက်သွားပြီး အစည်းအဝေး မှတ်တမ်းတွေနဲ့ ပါတီဝင်စာရင်း စာအုပ်တွေ ပါတီအလံတွေ ယူသွားပါတယ်” ဟု ပြောသည်။

ရုံးခန်းရှိ တခြား ပစ္စည်းများ ယူဆောင်သွားခြင်း မရှိဘဲ အစည်းအဝေး မှတ်တမ်းနှင့် ပါတီဝင် စာရင်းများသာ ယူဆောင် သွားခြင်းကြောင့် ပါတီကို မလိုလားသည့် အဖွဲ့အစည်း တစ်ခုခုက ယူဆောင် သွား သည်ဟု ယူဆ ကြောင်း ၎င်းကပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပဲခူးမြို့နယ် NLD ပါတီက ပဲခူးမြို့နယ် အမှတ်(၃) ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း သိရသည်။လက်ရှိတွင် အမှတ်(၃) ရဲစခန်းက ပုဒ်မ ၃၈၀၊ ပ-၂၉၄ ဖြင့် အမှုဖွင့်ကာ တ ရားခံ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေ ကြောင်း သိရသည်။

ပုဒ်မ ၃၈၀ သည် နေထိုင်ရန်သော်လည်း၊ ပစ္စည်းသိုလှောင်ရန်သော်လည်း၊ အသုံးပြုသော အဆောက်အအုံ၊ သို့ တည်းမဟုတ် ရေယာဉ်တခုခုအတွင်းတွင် မည်သူမဆို၊ ခိုးမှုကို ကျူးလွန်လျှင်၊ ထိုသူကို (၇)နှစ်အထိ ထောင် ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly