ကြိမ်၊ ဝါး ပစ္စည်းတွေကို ပြည်ပတင်ပို့ပြီး Made in Myanmar ဆိုတာကို သိစေမယ်လို့ ကြိမ်၊ ဝါး အသင်းပြော

ကြိမ်၊ ဝါး ပစ္စည်းတွေကို ပြည်ပတင်ပို့ပြီး Made in Myanmar ဆိုတာကို သိစေမယ်လို့ ကြိမ်၊ ဝါး အသင်းပြော

ပြည်တွင်းထုတ် ကြိမ်၊ဝါးနဲ့ သစ်တောထွက် ပစ္စည်းတွေကို နိုင်ငံခြားဈေးကွက် အသစ်တွေမှာ တင်ပို့ရောင်းချနိုင်ဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံ ကြိမ်၊ဝါးပစ္စည်း ထုတ်လုပ်ရောင်းချသူများ အသင်းက ပြောဆိုထားပါတယ်၊ လက်ရှိတင်ပို့နေတဲ့ ဈေးကွက်က အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကိုပဲ တင်ပို့နိုင်တာဖြစ်ပါတယ်။ အခုတိုးချဲ့သွားမယ့် ဈေးကွက်တွေထဲမှာ ဥရောပ၊ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကတိုက်က နိုင်ငံတစ်ချို့ပါဝင်လာပါတယ်။

မြန်မာနိုင်ငံရဲ့ ကြိမ်၊ဝါး ထုတ်ကုန်ပစ္စည်းတွေကို စိတ်ဝင်စားလာတဲ့ နိုင်ငံတွေ ရှိလာတာကြောင့်ရယ် နောက်ပြီး ဒီပစ္စည်းတွေကြောင့်  Made in Myanmar ဆိုတာကို သိလာပြီး နိုင်ငံရဲ့ ခရီးသွား လုပ်ငန်းတွေမှာလည်း ပိုပြီးအကျိုးရှိ လာနိုင်တဲ့အတွက် ဈေးကွက်အသစ်၊ ဖောက်သည် အသစ် ရှာဖွေ ချဲ့ထွင် ကြိုးစားရတာလို့ ဆိုပါတယ်။

“မြန်မာပြည်ကလည်း ကမ္ဘာ့စိတ်ဝင်စားမှုရဲ့ ဗဟိုဘက်ကို ရောက်လာတယ်ပေါ့နော် ။ အဲလို စိတ်ဝင်စားလာတဲ့အခါမှာမြန်မာရဲ့ ပစ္စည်းတွေကို ထုတ်ကုန်တွေကို စိတ်ဝင်စားလာတဲ့ တခြားနိုင်ငံတွေရှိတယ်။ ဘရားဇီးတို့ ကိုလံဘီယာတို့ ကွာတီမာလာတို့ အဲလိုနိုင်ငံမျိုးတွေပေ့ါနော်။ တစ်ချို့ ဒီထဲမှာရှိတဲ့ လုပ်ငန်းရှင်တွေဆိုရင်လည်း ဘရာဇီးတို့ ကိုလံဘီယာတို့ ရောင်းဘူးပါတယ်၊ အဲလိုမျိုး ရောင်းရင်းရောင်းရင်းနဲ့ပဲ Made in Myanmar  ဆိုတာကို သိလာမယ်” လို့ မြန်မာနိုင်ငံ ကြိမ်ဝါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

လက်ရှိမှာလည်း ပြည်ပကို တင်ပို့ ရောင်းချနေတဲ့ ဈေးကွက်ရှိသလို မြန်မာ နိုင်ငံလောက် ကြိမ်၊ဝါး မထွက်တဲ့ နိုင်ငံတွေနဲ့ စိုက်သလောက် မဖြစ်ထွန်းတဲ့ နိုင်ငံတွေအတွက် အဓိက ရည်ရွယ်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး ပြည်တွင်းထုတ် ကြိမ်၊ဝါး ဈေးကွက်သစ် ရှာဖွေခြင်းက ဝါးစိုက် တောင်သူတွေအတွက်လည်း ဝင်ငွေတိုးလာနိုင်ပြီး ဆင်းရဲမွဲတေမှုကို လျော့ချလာနိုင်ဖို့လည်း မျှော်မှန်း ထားတယ်လို့ ဆိုပါတယ်။

“ဝါးကဏ္ဍကနေပြီးတော့ ဆင်းရဲမှုကို လျော့ချဖို့ ဆင်းရဲမှုကို လျော့ချဖို့ဆို ဘာလုပ်ဖို့ လိုလည်းဆိုတော့ Value add ပေါ့နော် ပိုပြီးတော့ ထူးထူးခြားခြား Innovation လုပ်ဖို့ ကိစ္စတွေ လိုအပ်တယ်။ အဲဒါတွေ လုပ်ဖို့က ကျတော်တို့ တိုင်းပြည်တွေထဲမှာတင် လုပ်ပြီးတော့ နိုင်ငံခြားကိုတင်ပို့မှသာ နိုင်ငံထဲမှာ တန်ဖိုးများများကျန်မှာ အဲလိုကျန်အောင် လုပ်ဖို့လိုတာပေါ့” လို့ ပြောပါတယ်။

ကြိမ်၊ ဝါးပစ္စည်းတွေကို လက်ရှိတင်ပို့နေရတဲ့ ဈေးကွက်တွေကတော့ အိန္ဒိယ၊ တရုတ်နဲ့ ဥရောပ နိုင်ငံတွေကို တင်ပို့နေတာပါ။အထူးသဖြင့်တော့ ကုန်ကြမ်းကိုသာ အများဆုံး တင်ပို့ရောင်းချနေရတာ ဖြစ်ပြီး ကုန်ချော ထုတ်လုပ်မှုအနေနဲ့ကတော့  မြန်မာနိုင်ငံ ကြိမ်၊ဝါးလုပ်ငန်းရှင်များ အသင်းနဲ့ နိုင်ငံတော် အပိုင်းက လုပ်ငန်းရှင်တွေကို ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

“လတ်တလော အခြေအနေနဲ့ ဆိုရင်တော့ ကုန်ကြမ်း ပို့တာတွေ များနေတဲ့အတွက် အားရမှု မရှိသေးဘူး၊ အဲဒီ့အတွက် ဈေးကွက်ကို ပိုမိုချဲ့ထွင် ရှာဖွေပြီးတော့ ဒီလုပ်ငန်းကို Value Add တွေ များများ ပို့နိုင်အောင်လို့ လည်း များများ ကြိုးစားနေပါတယ်။  အမှန်ပြောရရင်တော့ ကုန်ကြမ်းက ထိုက်သင့်သလောက် ရှိပါသေးတယ်။ ကုန်ကြမ်း ထုတ်လုပ်တာကိုလည်း အကန့်အသတ် တစ်ခုနဲ့ သတ်မှတ်ထားပြီးတော့ ကုန်ချော ထုတ်လုပ်မှလည်း  နိုင်ငံတော် အပိုင်းကရော အသင်းပိုင်းကရော အားပေးရင် ပိုမို ထွက်လာနိုင်ပါတယ်” လို့ Green Move Co.,LTD ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကြိမ် ဝါးနဲ့ သစ်တောထွက် ပစ္စည်းတွေကို ၁၉၉၆-၉၇ ခုနှစ်ကထဲက စတင် တင်ပို့ ရောင်းချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၅-၁၆ ဘဏ္ဍနှစ်အတွက် ကြိမ်၊ဝါးတင်ပို့မှုက ကျပ်ငွေ ၁၀ သန်း ဝန်းကျင်လောက် ရရှိပြီးနယ်စပ် ဒေသကနေ တင်ပို့မှုတွေ အတွက်ကတော့ အချက်အလက် သေချာ မရရှိဘူးလို့ မြန်မာနိုင်ငံ ကြိမ် ဝါးအသင်းက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly