တရုတ်ပြင်ပ၌ အဆိုးဆုံးအဖြစ် တောင်ကိုရီးယားမှာ ကိုရိုနာကူးစက်မှုနှုန်း မြင့်တက်

တရုတ်ပြင်ပ၌ အဆိုးဆုံးအဖြစ် တောင်ကိုရီးယားမှာ ကိုရိုနာကူးစက်မှုနှုန်း မြင့်တက်
Photo - AFP

ဖေဖော်ဝါရီ ၂၁ ။                   ။ တောင်ကိုရီးယားနိုင်ငံမှာ ဖေဖော်ဝါရီ ၂၁ ရက်က ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၅၂ ရှိတာကြောင့် တရုတ်ပြင်ပမှာ အဆိုးဝါးဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ နိုင်ငံဖြစ်နေပါတယ်။

နိုင်ငံရဲ့ စတုတ္ထအကြီးဆုံးမြို့ဖြစ်တဲ့ ဒယ်ဂူးမြို့တောင်ပိုင်းက ရှင်ချောင်ဂျီချက်ဘုရားကျောင်းက အသင်းဝင် ၈၀ ကျော် ကိုရိုနာကူးစက်ခံထားရပြီး မြို့သူမြို့သားတွေဟာ သူတို့ မြို့ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရာ ဗဟိုချက်ဖြစ်တဲ့ တရုတ်နိုင်ငံက ဝူဟန်မြို့လို ဒုတိယဝူဟန်ဖြစ်လာမှာ စိုးရိမ်ကြောင်း ပြောဆိုကြပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကိုရိုနာကူးစက်ခံရသူပေါင်း ၁၅၆ ဦးအထိ မြင့်တက်ရောက်ရှိကြောင်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာက ပြောပါတယ်။

လူဦးရေ ၂ ဒသမ ၅ သန်းရှိတဲ့ ဒယ်ဂူးမြို့ရဲ့ မြို့တော်ဝန်ဟာ မြို့နေပြည်သူတွေကို အိမ်ထဲမှာပဲ နေကြဖို့ အကြံပြုညွှန်ကြားထားပါတယ်။ ဒေသဧရိယာအတွင်းမှာ ရှိတဲ့ အမေရိကန်စစ်စခန်းတစ်ခုဆီ အဝင်အထွက်ကိုလည်း ကန့်သတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဒီကနေ့ သောကြာနေ့မှာ ဒယ်ဂူးမြို့က လမ်းတွေမှာ mask တွေ တပ်ဆင်ထားတဲ့ လမ်းသွားလမ်းလာတွေကို မြင်တွေ့ရတုန်း ဖြစ်ပေမယ့် ဗိုင်းရပ်စ်ဖြစ်ပွားကူးစက်မှုကြောင့် လုပ်ငန်းဆိုင်ခန်းတော်တော်များများကို ပိတ်ထားတာ မြင်တွေ့ရပါတယ်။

ရှင်ချောင်ဂျီဘုရားကျောင်း ပြင်ဖက်မှာ မော်တော်ဆိုင်ကယ်တွေနဲ့ အလုပ်သမားတွေဟာ ပိုးသတ်ဆေးတွေ လိုက်လံဖျန်းပေးနေပါတယ်။ “အခု ဒီမြို့မှာ ကိုရိုနာကူးစက်မှုတွေကြောင့် ဒုတိယဝူဟန်ဖြစ်လာမှာတောင့် ကျွန်တော် စိုးရိမ်မိတယ်။”လို့ ဖြတ်သွားဖြတ်လာ လူငယ်တစ်ဦးက ပြောပါတယ်။

ဘုရားကျောင်းအသင်းဝင် အသက် ၆၁ နှစ်အရွယ် အဘွားအိုတစ်ဦး ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်ဖျားနာတာ ဖြစ်ပေမယ့် ရောဂါလက္ခဏာမပေါ်ခင် လေးကြိမ်တိုင် ဝတ်ပြုတာတွေကို တက်ရောက်ခဲ့ရာက ခုလို အသင်းဝင် ၈၀ ကျော်အထိ ကူးစက်ခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required