ဂျာမနီမှာ လူမျိုးရေးခွဲခြားတဲ့ ပစ်ခတ်မှုမှာ သေဆုံးသူတွေအတွက် ညမအိပ်ဘဲ ဆုတောင်းမေတ္တာပို့

ဂျာမနီမှာ လူမျိုးရေးခွဲခြားတဲ့ ပစ်ခတ်မှုမှာ သေဆုံးသူတွေအတွက် ညမအိပ်ဘဲ ဆုတောင်းမေတ္တာပို့
Photo - AFP

ဖေဖော်ဝါရီ ၂၁ ။                  ။  ဂျာမနီနိုင်ငံ ဟန်နူးမြို့က ဘားဆိုင်နှစ်ဆိုင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးခွဲခြားတဲ့ အစွန်းရောက်ပစ်ခတ်မှုအတွင်း သေဆုံးသူ ကိုးဦးအတွက် လူထောင် ပေါင်းများစွာဟာ ညမအိပ်ဘဲ ဆုတောင်းမေတ္တာပို့ခဲ့ကြပါတယ်။

ဟန်နူးမြို့နဲ့ ဘာလင်မြို့တွေမှာ ဖေဖော်ဝါရီ ၂၀ ရက်က ဖယောင်းတိုင်တွေနှင့် ပန်းစည်းတွေ ချထားရင်း လူအများအပြားက တိတ်တိတ်ဆိတ်ဆိတ် ဆုတောင်းမှု လုပ်ဆောင်ခဲ့တာပါ။

ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ အဆိုပါ ပစ်ခတ်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် စုံစမ်းစစ်ဆေးလျက် ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ လက်ယာစွန်း အစွန်းရောက်ဝါဒ၏ ခြိမ်းခြောက်မှုကို ပိုမိုတိုက်ဖျက်သွားဖို့ အစိုးရကို တောင်းဆိုကြတာတွေလည်း ရှိလာပါတယ်။

ပစ်ခတ်မှု ကျုးလွန်တယ်လို့ သံသယရှိရသူဟာ အသက် ၄၃ နှစ်အရွယ် တိုဘိုင်ယက်စ်အာရ်ဆိုသူဖြစ်ပြီး သူဟာ အွန်လိုင်းပေါ်မှာ အလွန်ကို လူမျိုးရေးခွဲခြားတဲ့ သဘောထားများ တင်ခဲ့တယ်လို့ ရှေ့နေချုပ် ပီတာဖရန့်က ပြောပါတယ်။

ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူအားလုံးဟာလည်း ဂျာမနီနိုင်ငံထဲ ရွှေ့ပြောင်းဝင်ရောက်လာတဲ့ နောက်ခံရှိသူတွေဖြစ်ပြီး တစ်ချို့ဟာ ကာဒစ္စတန်ဇာတိတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှု ကျုးလွန်တဲ့ သံသယရှိသူနောက် ရဲတပ်ဖွဲ့က အသည်းအသန် လိုက်လံရှာဖွေရာ ကြာသပတေးနေ့ အစောပိုင်းမှာ ၎င်းရဲ့ အိမ်ကို ဝင်ရောက်စီးနင်းနိုင်ခဲ့တာ ဖြစ်ပေမယ့် အိမ်အတွင်း သံသယရှိသူနဲ့အတူ အသက် ၇၂ အရွယ် မိခင်ဖြစ်သူတို့ နှစ်ဦးစလုံးကို သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly