ဆင်းရဲနွမ်းပါးမှုလျော့ကျရေး မရှိနွမ်းပါးသူများကို လက်ထပ်ရန် အင်ဒိုနီးရှားဝန်ကြီး တိုက်တွန်း

ဆင်းရဲနွမ်းပါးမှုလျော့ကျရေး မရှိနွမ်းပါးသူများကို လက်ထပ်ရန် အင်ဒိုနီးရှားဝန်ကြီး တိုက်တွန်း
A homeless Indonesian family on a sidewalk in Jakarta on April 29, 2014. (File photo: AFP/Adek Berry)

ဂျကာတာ၊ ဖေဖော်ဝါရီ ၂၁။           ။ အင်ဒိုနီးရှားနိုင်ငံမှာ တိုင်းပြည်ဆင်းရဲနွမ်းပါးမှု လျော့ကျစေဖို့အတွက် လူချမ်းသာတွေအနေနဲ့ မရှိနွမ်းပါးသူ‌တွေကိုလက်ထပ်ကြဖို့ Coordinating Human Development and Culture ဝန်ကြီး Mr Muhadjir Effendy က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“ ဆင်းရဲသားအချင်းချင်း လက်ထပ်ကြရင် ဘာတွေဖြစ်ကုန်မလဲ၊ ပိုဆင်းရဲတဲ့မိသားစုတွေပဲ ဖြစ်လာတော့မှာပေါ့၊ ဒါဟာ အင်ဒိုနီးရှားမှာ ပြဿနာတစ်ခုဖြစ်နေတယ်” လို့ ဝန်ကြီးရဲ့ ပြောကြားချက်ကို Jakarta Post မှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားမှာ ချို့တဲ့နွမ်းပါးတဲ့အိမ်ထောင်စုပေါင်း ငါးသန်းလောက်ရှိပြီး စုစုပေါင်း အိမ်ထောင်စု (၅၇ ဒဿမ ၁ သန်း) ရဲ့ (၉ ဒဿမ ၄) ရာခိုင်နှုန်းလောက်ရှိပါတယ်။ သိပ်အဆင်မပြေတဲ့မိသားစုတွေပါထည့်တွက်လိုက်ရင် ၁၆ ဒဿမ ၈ ရာခိုင်နှုန်း ဒါမှမဟုတ် ဝင်ငွေနည်းတဲ့အိမ်ထောင်စုပေါင်း ၁၅ သန်းလောက်ရှိတယ်လို့ ဝန်ကြီးကပြောပါတယ်။

မရှိနွမ်းပါးသူတွေနဲ့ လူချမ်းသာတွေ အပြန်အလှန်လက်ထပ်ကြဖို့ ညွှန်ကြားတဲ့ အစ္စလာမ်ဘာသာရေးစည်းမျဉ်းစည်းကမ်းထုတ်ပြန်ဖို့ ဘာသာရေးဆိုင်ရာဝန်ကြီး Fachrul Razi ကိုလည်း Mr Effendy က အကြံပြုထား ပါတယ်။

စီးပွားရေးအရအခြေအနေမတည်ငြိမ်ပေမယ့် လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ စုံတွဲတွေအတွက် သမ္မတ ဂျိုကိုဝီဒိုဒိုအကောင်အထည်ဖော်ထားတဲ့ အလုပ်ခန့်အပ်ခြင်းအစီအစဉ်မှာ ပါဝင်ကြဖို့ လက်မထပ်မီအစီအစဉ်တစ်ခုကိုလည်း Mr Effendy  အဆိုပြုပြောဆိုခဲ့ပါတယ်။  

အဲဒီအစီအစဉ်ထဲမှာ အလုပ်ရရှိနိုင်ဖို့ ပါဝင်လျှောက်ထားသူတွေရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ပေးတဲ့ လေ့ကျင့်သင်ကြားမှုတွေလည်းပါဝင်တာဖြစ်လို့ နွမ်းပါးမယ့်မိသားစုနှုန်းကို လျှော့ချပေးနိုင်မယ်လို့ ဝန်ကြီးက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံလူဦးရေရဲ့ ၄၅ ရာခိုင်နှုန်း ဒါမှမဟုတ် ၁၁၅ သန်းသော အင်ဒိုနီးရှားနိုင်ငံသားတွေဟာ စီးပွားရေးအာမခံချက်တွေနဲ့ လူလတ်တန်းစားတွေရဲ့ ဘဝနေထိုင်မှုမျိုး မရရှိကြသေးတဲ့အကြောင်း World Bank က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ဆင်းရဲနွမ်းပါးမှုနှုန်းကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပြီး အဲဒီကာလအတွင်းမှာ လူလတ်တန်းစား ၇ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။

အစ္စလာမ်ဘာသာရေးစည်းမျဉ်းစည်းကမ်း  (Fatwas) တွေကို ထုတ်ပြန်တဲ့ မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Indonesian Ulema Council (MUI) ကလည်း Mr Effendy ရဲ့ အဆိုပြုချက်ကို ကြိုဆိုကြောင်း ပြောခဲ့ ကြပါတယ်။

MUI ရဲ့ အတွင်းရေးမှူးချုပ် Mr Anwar Abbas က “ဒါဟာ အချင်းချင်းကူညီရိုင်းပင်းတဲ့ စိတ်ဓာတ်ကို စံနမူနာပြလိုက်တာပါပဲ၊ ဆင်းရဲတဲ့မိသားစုတွေ အများကြီးရှိပြီး လင်ယောက်ျားမရှိတော့လို့ မုဆိုးမဖြစ်နေသူတွေလည်း တွေ့ရတယ်၊ သူတို့က စားဝတ်နေရေးအတွက်လုံးပမ်းရင်း သားသမီးတွေကို ပြုစုပျိုးထောင်နေကြရတယ်၊ ပိုက်ဆံရှိတဲ့လူတစ်ယောက်က သူ့ကိုသဘောကျပြီး သူကလည်း ပြန်သဘောကျမယ်ဆို ဒါဟာ သိပ်ကောင်းပါတယ်၊ နွမ်းပါးတဲ့ မိသားစုကို ကြွယ်ဝချမ်းသာသူတွေဖြစ်အောင် မြှင့်တင်ပေးမယ်၊ ဆင်းရဲသားအရေအတွက်လည်း လျော့သွားတာပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် Mr Abbas က ဝန်ကြီးရဲ့ အဆိုပြုချက်က အကျိုးအမြတ်နှစ်ခုရှိတယ်လို့ ပြောခဲ့ပါတယ်။ ပထမတစ်ချက်က ဆင်းရဲနွမ်းပါးမှု လျော့ကျသွားမယ်၊ နောက်တစ်ချက်က ဓနဥစ္စာတွေလည်း လူချမ်းသာတွေကြားထဲမှာ ချည်း တဝဲလည်လည် ဖြစ်မနေတော့ဘူး လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly