လမ်းမတော်သံဈေး မီးလောင်မှု Level 5 အဆင့်ရှိ မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်ခဲ့ရ

လမ်းမတော်သံဈေး မီးလောင်မှု Level 5 အဆင့်ရှိ မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်ခဲ့ရ

ဖေဖော်ဝါရီ ၂၀ ။                ။ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် (၂) ရပ်ကွက်ရှိ သံဈေးသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၆ နာရီ ၅ မိနစ်ခန့်က စတင်ကာ ၉ နာရီမိနစ် ၃၀ အထိ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။အဆိုပါ မီးလောင်မှုကို အမြင့်ဆုံး Level 5 အဆင့် သတ်မှတ်ထားပြီး  လေးနာရီခန့် လောင်ကျွမ်းခဲ့ခြင်းလည်း ဖြစ်သည်။ထိုသို့ မီးလောင်ကျွမ်းခဲ့သည့် သံဈေးမှာ ၁၀ လွှာအထိ ရှိပြီး ဈေး ဆိုင်ခန်းများ၏ အပေါ်ထပ်တွင် လူနေအိမ်ခန်း အများအပြား ရှိနေသည်။

မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်မီ မီးငြိမ်းသတ်နိုင်ရေးနှင့် အပေါ်ထပ် လူနေအိမ်များတွင်  ပိတ်မိနေ သူများကို ရှာဖွေ ကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ခဲ့ကြရာ ပိတ်မိနေသူ (၈၅) ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကယ်ထုတ်ခဲ့သူများအနက် အသက် ၉၂ နှစ်အရွယ် အဖိုးဘိုတစ်ဦး အပါအဝင် ကျား (၉) ဦး၊ အမျိုး သမီး (၄) ဦးနှင့် ကလေးနှစ်ဦးမှာ မီးခိုးငွေ့များကြောင့် အသက်ရှုကြပ်ကာ အနည်းငယ် ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသပေးနေကြောင်း သိရသည်။ ထို မီးလောင်ကျွန်းမှုနှင့် ပတ်သက်ပြီး သေဆုံးသူ မရှိကြောင်းလည်း သိရသည်။

ရန်ကုန်တိုင်းကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးအောင်မင်းမင်းကိုက “ကျွန်တော်တို့ စရောက်ရောက်ချင်းမှာ ပထမထပ်နဲ့ ဒုတိယထပ်က မီးခိုးတွေ ထွက်နေတယ်။ ရောက်တဲ့ အချိန် မှာတော့ လူနည်းပါသေး တယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေပဲ နေရာယူ ထားတာတွေ့ရတယ်။ မီးသတ်တပ်ဖွဲ့ ဝင် တွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ကျွန်တော်တို့ ဆွဲထုတ်တယ်။ ကယ်ထုတ်ပြီးတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ပါတယ်။ အဲဒီမှာ အသက် အရွယ်ကြီးတဲ့ အဖိုးနဲ့အဖွား နှစ်ဦးလောက်တော့ ပါတာပေါ့နော်။ အဓိကတော့ မီးခိုး ကြောင့် လန့်သွားတာပေါ့။ အဲဒီနှစ်ယောက်ကို အချိန်မီ ပို့ပေးနိုင်ခဲ့တယ်”ဟု ပြောသည်။

ပိတ်မိနေသူများကို ရှာဖွေ ကယ်ဆယ်မှုများ ပြုလုပ်ရာတွင် မီးသတ်တပ်ဖွဲ့ဝင် တချို့ မှန်စ ထိမှန်ခြင်း၊ ထိခိုက် ဒဏ်ရာ ရခြင်းများလည်း ရှိခဲ့သည်။

ယခု မီးလောင်ခဲ့သည့် တိုက်ခန်းများမှာ သံဇကာများဖြင့် အထပ်ထပ် ကာရံထားပြီး အဝတ်အထည် ပစ္စည်းများ မှာ တိုက်ခန်း၏ အထဲတွင် လှိုက်လောင်နေခြင်းကြောင့် မီးသတ်တပ်ဖွဲ့များ အထဲကို ဝင်ရောက် ကယ်ဆယ်ရေး ပြုလုပ်ရာတွင် အခက်အခဲများ ရှိခဲ့ကြောင်း အားမာန် လူငယ်ပရဟိတအဖွဲ့ နာယက ဦးကျော်စိုးနိုင်က ပြော သည်။

“ကျွန်တော်တို့ တွေ့ရသလောက်ကတော့ ဒီအလွှာတွေက ဂိုဒေါင်တွေများတယ်ဗျ။ အောက်ထပ်တွေကတော့ ဈေးရောင်းကြတယ်။ တချို့ အပေါ်ထပ်လေးတွေကို သူတို့ အခန်းလေးတွေ ငှားထားတာတို့၊ ဝယ်ထားတာတို့ ရှိတယ်။ အဲလိုနေရာတွေမှာ ကုန်ပစ္စည်းတွေ ထားတယ်။ တကယ်လို့ လာဝယ်တဲ့သူ ပစ္စည်းလိုရင် သူတို့အဲက ယူပေးတယ်ပေါ့နော်” ၎င်းက ပြောသည်။

အဆိုပါ မီးလောင်မှုမှာ ဝါယာရှော့ကြောင့် ဖြစ်သည်ဟု သိရသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။ ထို့ပြင် ဆုံးရှုံးသွားသည့် တန်ဖိုးနှင့် မီးလောင် ကျွမ်းခဲ့သည့် ဆိုင်ခန်း အရေအတွက် မည်မျှ ရှိသည်ကိုလည်း သက်ဆိုင်ရာက စစ်ဆေးနေဆဲ ဖြစ်သည့်အတွက် မသိရသေးပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တိုက်ခန်း တစ်ခန်း မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သေးရာ ထိုမီးလောင်ကျွမ်းမှုတွင် အမျိုးသမီး နှစ်ဉီးနှင့် ၈ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly