စော်ဘွားနှင့်ဒူဝါစနစ် ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်ကို ရွေးချယ်ခဲ့ခြင်းက ပင်လုံစာချုပ်ဖော်ဆောင်ရန်ဟုဆို

By စိုင်းဦး
20 February 2020
စော်ဘွားနှင့်ဒူဝါစနစ် ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်ကို ရွေးချယ်ခဲ့ခြင်းက ပင်လုံစာချုပ်ဖော်ဆောင်ရန်ဟုဆို

၊ဖေဖော်ဝါရီ ၂၀ ။                ။ ချင်းလူမျိုးများသည် ပင်လုံစာချုပ်ပါ အပိုဒ် ၇ ကို အကောင်အထည်ဖော်ပြီး ဒီမိုကရေစီစနစ်ကို ရွေးချယ်ခဲ့သလို ပင်လုံစာချုပ် လက်မှတ်ရေးထိုးထားသည့် ရှမ်းနှင့် ကချင်ကလည်း စော်ဘွားစနစ်၊ ဒူဝါစနစ်တို့ကို  ဖျက်သိမ်း၍ ဒီမိုကရေစီစနစ်ကို ရွေးချယ်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး(CNF) ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြောသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့ အ-ထ-က(၃) ဘောလုံးကွင်းမှာ ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပခဲ့သော (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောစဉ် အထက်ပါ အတိုင်း ထည့်သွင်း ပြောခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ချင်းလူမျိုးတွေ ပင်လုံစာချုပ်အပိုဒ် ၇ ကို အကောင်အထည် ဖော်ပြီးတော့ ဒီမိုကရေစီစနစ်ကို  ရွေးချယ်ခဲ့သလို ပင်လုံစာချုပ် လက်မှတ်ရေးထိုးထားတဲ့ ကချင်လူမျိုးတွေကလည်း ဒူဝါစနစ်ကို ဖျက်သိမ်းပြီး တော့ ဒီမိုကရေစီစနစ်ကို ရွေးချယ်နိုင်ခဲ့ပါတယ်။ ထိုနည်းလည်ကောင်းပဲ ပင်လုံစာချုပ် ရေးထိုးထားတဲ့ ရှမ်းတွေ ကလည်း စော်ဘွားစနစ်ကို ဖျက်သိမ်းပြီးတော့ ဒီမိုကရေစီစနစ်ကို ရွေးချယ်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
သို့သော် စော်ဘွားနှင့် ဒူဝါစနစ်များကို ဖျက်သိမ်း၍ ဒီမိုကရေစီစနစ်ကို ရွေးချယ်ပြီး ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြ သော်လည်း  ယနေ့အထိ ပင်လုံစာချုပ်ကို အကောင်အထည် မဖော်နိုင်ဘဲ အနှစ်(၇၀)ကျော်ပြီဖြစ်သည့် ပြည် တွင်း စစ်နှင့်အတူ  ဒီမိုကရေစီစနစ် ဆိတ်သုန်းခဲ့ရသည်ဟု CNF ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း က ဆိုသည်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း ရည်ညွန်းသည့် ပင်လုံစာချုပ် အပိုဒ် ၇ မှာ  “တောင်တန်း ဒေသရှိ ပြည်သူ တို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ရရှိခံစားစေရမည် ” ဟု ပါရှိ ကြောင်း ပင်လုံစာချုပ်မှာ ဖော်ပြထားသည်။

အဆိုပါ ပင်လုံစာချုပ် မချုပ်ဆိုခင်က ရှမ်းတိုင်းရင်းသားများသည် စော်ဘွား စနစ် ကျင့်သုံးက အုပ်ချုပ်ခဲ့ကြ သလို ကချင်တိုင်းရင်းသားများကလည်း ဒူဝါစနစ်ကို ကျင့်သုံးကာ သက်ဆိုင်ရာ လူမျိုးစုများကို အုပ်ချုပ်ခဲ့ကြရာ မှ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရှမ်း ပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့မှာ ဗမာ၊ ချင်း၊ ရှမ်း၊ ကချင် ခေါင်းဆောင် များ ပင်လုံညီလာခံ ကျင်းပ၍ တောင်တန်း- ပြည်မ ပူးပေါင်း၍ ဗြိတိသျှ လက်အောက်ကနေ လွတ်လပ်ရေး ယူရန် ဆွေးနွေး သဘောတူညီခဲ့ ကြသည်။

ထို့နောက် စော်ဘွားစနစ်၊ ဒူဝါစနစ်၊ တိုက်သူကြီးစနစ်များကို ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသော ချင်း၊ ရှမ်း၊ ကချင် တိုင်းရင်းသားများက နောက်ပိုင်းမှာ ဖျက်သိမ်းခဲ့ကြကြောင်း သိရသည်။

လက်ရှိမှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနှင့်အတူ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံအစည်းအဝေးကို ကျင်းပနေပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(Nationwide Ceasefire Agreement -NCA )ကို အကောင်အထည်ဖော်၍ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

NCA စာချုပ်တွင် ပြည်ထောင်စုကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်များဖြင့် ထူထောင်ရမည်ဟု သဘောတူ ထားပြီး  ဒီမိုကရေစီ အခြေခံမှုထဲမှာ အရေးကြီးဆုံးဖြစ်သည့် လုံခြုံရေးတပ်ဖွဲ့များကို အရပ်သား အစိုးရ လက်အောက်၌ ထားရှိရမည်ဆိုသည့် ဒီမိုကရေစီ အခြေခံမှုကြီး ချမှတ်နိုင်လျှင် ငြိမ်းချမ်းရေး ရရှိလိမ့်မည်ဟု  CNF ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ(MIPS)မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ဒီမိုကရေစီစနစ်ကို သွားမည်ဆိုလျှင် လက်နက်ကိုင် တပ်ဖွဲ့အားလုံး အရပ်သား အစိုးရ ဦးဆောင်မှု အောက်မှာ ရှိရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်တွင်းစစ် ဖြစ်ပွားနေခြင်းကြောင့် အစိုးရတပ်၊ တိုင်းရင်းသား လက်နက် ကိုင်တပ်ဆိုကာ ဖြစ်နေကြောင်း ဆိုသည်။

“ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုလိုရှိရင် လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံး အရပ်သား ဦးဆောင်မှု အောက်မှာ ရှိရတာပေါ့၊ ဒါကတော့ ဒီမိုကရေစီစနစ် ဖြစ်သွားပြီဆိုရင် အဲ့စနစ်ကို သွားကြတာပေါ့။ နောက်တစ်ခု က ဘယ်ဒီမိုကရေစီ စနစ်ဘဲဖြစ်ဖြစ် ပြည်တွင်းစစ် မရှိတော့ ဘူးဆိုရင် လက်မကိုင် တပ်ဖွဲ့ကလည်း တစ်ခုပဲရှိရ တယ်ပေါ့။  လက်နက်ကိုင် ပဋိပက္ခရှိနေလို့တာ အစိုးရတပ်၊ ဘယ်အဖွဲ့တပ်၊ ဘယ်တိုင်းရင်းသား လက်နက်ကိုင် တပ်ဆိုပြီး ရှိနေတာ၊ လက်နက်ကိုင် ပဋိပက္ခ မရှိတော့ဘူးဆိုရင် တပ်မတော်တစ်ခုဘဲ ရှိတော့မှာပေါ့”၎င်းက ပြောသည်။

ဆက်လက်ပြီး ဒေါက်တာမင်းဇော်ဦးက လက်ရှိတွင် အရပ်သား အစိုးရအောက် တပ်မတော်ရောက်ရှိရေးဆိုရာ တွင် လက်ရှိ တပ်မတော် ခေါင်းဆောင်းများနှင့် အရပ်သား အစိုးရကြား ဆွေးနွေးမှု မည်မျှအောင်မြင်သည်ဆို သော အပေါ်တွင်လည်း မူတည်ကြောင်း ဆိုသည်။

CNF ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းက “တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် နှင့်တကွ တိုင်းရင်းသား လက်နက်ကိုင် အသီးသီးရှိ အဖွဲ့ခေါင်းဆောင်များက လုံခြုံရေးတပ်ဖွဲ့ အားလုံး သည် အရပ်သား အစိုးရ လက်အောက်မှာ ထားရမယ်ဆိုတဲ့ ဒီမိုကရေစီ အခြေခံမှု ချမှတ်ပေးဖို့၊ ဆောင်ရွက်ပေး ကြဖို့  ကျွန်တော် ချင်းအမျိုးသားနေ့ စင်မြင့်ပေါ်ကနေ မေတ္တာရပ်ခံလိုပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်(DKBA)၊ ကရင် အမျိုး သားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC )၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ ဖြစ်သည်။

ထို့နောက် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA/UWSP)၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းပြည် တိုးတက် ရေးပါတီ (SSPP)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO/KIA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရခိုင့်တပ်(AA)၊ ကိုးကန့်တပ် (MNDAA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့မှာမူ NCA ထိုးနိုင်ရေး ညှိနှိုင်းနေဆဲသာ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly