“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်အတွင်း ကရင်လူထုနှင့်တွေ့ဆုံရန်စီစဉ်နေ’’

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်အတွင်း ကရင်လူထုနှင့်တွေ့ဆုံရန်စီစဉ်နေ’’
photo - သန့်ဇင်အောင်

ဖေဖော်ဝါရီ ၂၀။               ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည်ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ကရင်ပြည်နယ်ကိုသွားရောက်မည်ဖြစ်သောကြောင့် လူထုတွေ့ဆုံမှုပြုလုပ်နိုင်ရန် စီစဉ်နေကြောင်း ကရင်ပြည် နယ်အစိုးရအဖွဲ့မှသိရသည်။

မြဝတီမြို့နယ် မဲဆန္ဒနယ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က “အရေးကြီးပုဂ္ဂိုလ် ခရီးစဉ်က ရှိတော့ရှိတယ်။ အတိအကျပြောဖို့တော့ခက်တယ်။ မြဝတီမှာတော့ သတင်းကြားလို့ ကျွန်တော်တို့ကြို တင်ပြင်ဆင်မှုတွေတော့လုပ်နေတယ်။” ဟုပြောသည်။

photo - သန့်ဇင်အောင်

မြဝတီမြို့သို့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိပါက ပြည်သူနှင့် တွေ့ဆုံပွဲပြုလုပ်နိုင်ရန် နေရာ သုံးနေရာရွေးချယ်ထားပြီး လက်ရှိတွင် မြဝတီမြို့အမှတ်(၄)ရပ်ကွက်ရှိ မြစန္ဒီပန်းခြံ လွတ်လပ်ရေးကျောက်တိုင်ကွင်း နှင့် ရွှေတိဂုံပုံ စံတူဘုရားဝန်းတို့တွင် စင်မြင့်များ ဆောက်လုပ်ပြီး ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုတွေ့ဆုံရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းကိုလည်း ခေါ်ယူထားမည်ဖြစ်ပြီး အမေးအဖြေ ကဏ္ဍများထည့်သွင်းထားကာ ဒေသခံပြည်သူများတိုက်ရိုက်မေးမြန်း ခွင့်ပေးထားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အကုန်လုံးကို ဝင်ခွင့်ရအောင်လုပ်ပေးထားပါတယ်။ ဆွေးနွေးခွင့်ကတော့ အမေးအဖြေလုပ်တဲ့အပေါ်မူတည်ပြီး အချိန်အကန့်အသတ်နဲ့လုပ်မှာပါ။ တက်ရောက်ခွင့်က အကုန်လုံးရမှာပါ။” ဟု ဦးသန့်စင်အောင်ကပြောသည်။

ဖေဖော်ဝါရီ ၂၄ရက်နှင့် ၂၅ရက် မှာ ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့ အပါအဝင် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီမြို့နယ်တို့ကို  နိုင်ငံတော်အတိုင်ပင်ခံ သွားရောက်ရန် စီစဉ်ထားသော်လည်း ခရီးစဉ်စတင်မယ့် ရက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောသည်။

“ကျွန်တော်တို့  စီစဉ်တော့ စီစဉ်ထားတယ်။ ဒါပေမယ့် ခရီးစဉ်ကို Comfirm လုပ်လို့မရသေးဘူး” ဟု ၎င်းကပြောသည်။

photo - သန့်ဇင်အောင်

ကော့ကရိတ်မြို့နယ် NLD ပါတီ၊ အမျိုးသမီးလုပ်ငန်းအဖွဲ့ ဥက္ကဌ နော်စေးဖောကလည်း ကော့ကရိတ်မြို့နယ် နှစ်သစ်ကူးကွင်း အတွင်း စင်မြင့်တည်ဆောက်ခြင်းများပြုလုပ်ထားကြောင်း ပြောသည်။ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်တို့ကို ဖေဖော်ဝါရီ ၂၄ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရောက်ရှိမည်ဖြစ်သော်လည်း မည်သည့်နေရာကို အရင်ရောက်မည်ကို မသိရှိကြောင်း နော်စေးဖော ကဆိုသည်။

ထိုမြို့များသို့ သွားရောက်ရာတွင် လူထုတွေ့ဆုံပွဲအပါအဝင် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ခြင်း ၊ဘုရားဖူးသွားရောက်ခြင်းများပြုလုပ်မည် ဖြစ်ကြောင်းကနဦးသတင်းများထွက်ပေါ်နေသည်။

 မြဝတီနှင့် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များသည် ကရင်ပြည်နယ်နယ်ခြား စောင့်တပ်(BGF) တည်ရှိသည့် နေရာများ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ခုနှစ် မတ်လ အတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် အမှတ်(၂) တံတားဖွင့်ပွဲကို တက်ရောက်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly