သေခြင်းတရားအကြောင်း ဆွေးနွေးနိုင်မယ့် လန်ဒန်မြို့က “death café”

သေခြင်းတရားအကြောင်း ဆွေးနွေးနိုင်မယ့် လန်ဒန်မြို့က “death café”

ဖေဖော်ဝါရီ ၂၀ ။        ။ သေခြင်းတရား ဆိုတာကတော့ လူတိုင်း တစ်ချိန်မှာ မလွဲမသွေကြုံရမှာ ဖြစ်ပါတယ်။ သဘာဝတရားအရ ဒီသေခြင်းတရားနဲ့ မလွဲမသွေ ကြုံရမှာကို သိကြပေမယ့်လည်း လူတွေဟာ ဒါကို ရင်မဆိုင်ချင် သလို ဒီသေခြင်းတရား အကြောင်းနဲ့ပတ်သက်လို့ သီးသန့် ဆွေးနွေးတာမျိုးလည်း သိပ်မလုပ်တတ်ကြပါဘူး။

ဒီနေရာမှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ဖွင့်ထားတဲ့ “death café” ဆိုတဲ့ သေခြင်းတရား ကဖေးဆိုင်တစ်ခုမှာတော့ သေခြင်းတရားအကြောင်းနဲ့ပတ်သက်လို့ သီးသန့် ဝိုင်းဖွဲ့ ဆွေးနွေးပြီး ဘာဝနာပွားလို့ရနိုင်ပါတယ်။

တစ်မူထူးခြားတဲ့ ဒီ ကဖေးဆိုင်မှာတော့ အသက်အရွယ်၊ လူတန်းစား မရွေး လူတိုင်း လာရောက် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ဒီကို လာရောက်တဲ့ သူတွေဟာ စားပွဲဝိုင်းမှာ ဝိုင်းဖွဲ့ထိုင်ပြီး ကော်ဖီ သောက်၊ မုန့်စားရင်း ဒီ သေ ခြင်းတရား အကြောင်း ဆွေးနွေးလို့ရမှာ ဖြစ်ပါတယ်။

အထူးသဖြင့်တော့ ကိုယ်ချစ်ခင်ရတဲ့ သူတစ်ယောက်ဆုံးပါးသွားပြီးနောက် ခံစားရလေ့ရှိတဲ့ ပူဆွေးဝမ်းနည်းမှု၊ ဆုံးရှုံးမှု၊ စိတ်သောက ဖြစ်ကျန်မှု စတဲ့ ဇာတ်လမ်းစတိုရီတွေကို ယင်း စားပွဲဝိုင်းမှာ ပြောလို့ရမှာဖြစ်ပါတယ်။ ချစ်ခင်ရသူ ဆွေမျိုး၊မိဘ၊ ညီကိုမောင်နှမ၊ခင်ပွန်း၊ ဇနီး တစ်ဦးဦးကို ဆုံးရှုံးလိုက်ရပြီးနောက် ပူဆွေးသောကဖြစ်မှုတွေကို ဘယ်လို ရင်ဆိုင်ကျော်လွှားခဲ့ရသလဲ ဆိုတာတွေကို ဒီ ဆိုင်မှာ ပြောဆိုဆွေးနွေး နားထောင်နိုင်ပါတယ်။

ဒီကိုလာရောက်ဆွေးနွေးသူတွေဟာ ဝိုင်းတစ်ဝိုင်းမှာ အနည်းဆုံး လူ ခြောက်ယောက်လောက်နဲ့ စုဖွဲ့ပြီး ဒီအကြောင်းအရာတွေကို ပြောဆိုဆွေးနွေး နားထောင်ကြရပါတယ်။ စကားဝိုင်းကို ဦးဆောင်ပေးဖို့ facilitator တစ်ဦးလည်း ထားရှိပေးထားမှာဖြစ်ပါတယ်။

အဓိက ရည်ရွယ်ချက်တစ်ခုကတော့ အကန့်အသတ်နဲ့သာရှိနေတဲ့ ဘဝရဲ့ အချိန်အများစုကို အကျိုးအရှိဆုံးနဲ့ အမှန်ကန်ဆုံး အသုံးချနိုင်အောင် လူတွေကို တိုက်တွန်းလိုခြင်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly