ချစ်ရတဲ့ ကိုကိုတွေဆီက မမတို့ လိုချင်တဲ့ ဆန္ဒများ

ချစ်ရတဲ့ ကိုကိုတွေဆီက မမတို့ လိုချင်တဲ့ ဆန္ဒများ

ရေးသားသူ Ye Zon Aung
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ယောကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ဘဝတစ်ခုတည်ဆောက်ကြပြီ၊ လက်တွဲကြပြီဆိုတဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်နားလည်မှုတည်ဆောက်နိုင်ဖို့က အရေးကြီးပါတယ်။ တစ်ယောက်စိတ်ကို တစ်ယောက်နားလည်ပြီး အပြန်အလှန်လေးစားမှု ဖေးမမှုရှိမှာ ရေရှည်ခိုင်မြဲတဲ့ ချစ်ခရီးလမ်းတစ်ခုကို တည်ဆောက်နိုင်မှာမဟုတ်လား။

ဒါကြောင့်လည်း အမျိုးသားတွေ သူတို့ချစ်တဲ့အမျိုးသမီးတွေဆီကနေ ဘယ်လို အရာတွေ အလိုရှိသလဲဆိုတာကို ရေးခဲ့ဖူးပါတယ်။ ဒီတစ်ခါမှာတော့ အမျိုးသမီးတွေဘက်က ဆန္ဒနဲ့ ခံစားချက်ကို ရေးပါဦးမယ်။

ယျေဘုယျအားဖြင့်တော့ အမျိုးသားတွေရဲ့ စိတ်ဆန္ဒနဲ့ အမျိုးသမီးတွေရဲ့ လိုအင်ဟာ ကွာခြားမှုမရှိဘူးလို့ ယူဆချင်စရာပါ။ ဒါပေမယ့် မတူညီတဲ့ လိင်ဖြစ်တည်မှုကြောင့် ကွဲပြားတဲ့ စိတ်ခံစားချက်မျိုးရှိတာကို နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အသေးစိတ်လေ့လာတဲ့အခါမှာ ကွဲပြားမှုလေးတွေ ရှိလာတာကို မြင်ရမှာဖြစ်ပြီး ဒီအချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် စိတ်ကျေနပ်ပျော်ရွှင်ဖွယ်ရာ ချစ်သူဘဝကို တည်ဆောက်နိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။

အမျိုးသမီးတွေဟာ သူတို့ရဲ့ လက်တွဲဖော်ဆီက ဘာတွေ မျှော်လင့်ထားကြသလဲ ဘယ်လိုမျိုး လိုအင်ဆန္ဒတွေ ရှိနေသလဲ။ ချစ်သူ၊ ရည်းစား၊ အိမ်ထောင်ဖက်ရှိထားပြီးသား ကိုကိုတွေရော၊ မရှိသေးဘူး ရည်မှန်းထား တဲ့သူတော့ ရှိတယ်ဆိုတဲ့ မောင်မောင်တွေရော ဒီအချက်တွေကို သိနားလည်နိုင်ဖို့လိုအပ်တာမို့ အောက်မှာ ဖော်ပြထားပါတယ်နော်။

    ၁။ ချစ်ခင်ယုယတာ ခံချင်တယ် – ချစ်နေ ကြိုက်နေချိန်၊ ဘဝတစ်ခုတစ်ခု တည်ထောင်ပြီးချိန်တွေမှာမှ မဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်က ယောကျားလေးတစ်ယောက်ကို စပြီး Crush ပါပြီဆိုကတည်းက တစ် ဖက်လူရဲ့ ကြင်နာယုယတဲ့စကားလေးတွေ၊ ချစ်စကားလှလှလေးတွေကို လိုချင်တဲ့ စိတ်ရင်းအခံက ကြီးကြီးမားမားကို အမြစ်တွယ် ကိန်းအောင်းနေပါပြီ။ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ့်လက်တွဲဖော်၊ ကိုယ့် Crush ဆီကနေ ‘ချစ်တယ်’ ဆိုတဲ့ ရိုးရိုးရှင်းရှင်း စကားလေးတစ်ခွန်းကြားရရုံ၊ လက်ကလေးကို ကြင်ကြင်နာနာဆုပ်ကိုင်ထားပေးရုံနဲ့တင် သူတို့ရဲ့ ကမ္ဘာကြီးဟာ ပြည့်စုံနေတတ်ပါတယ်။ သူတို့ရဲ့ ပင်ပန်းမှုတွေ၊ အခက်အခဲတွေဟာ တစ်ဝက်လောက် သက်သာသွားတတ်ပါတယ်။ ရုတ်တရက်အနမ်းပေးတာမျိုး၊ ကြင်ကြင်နာနာဆက်ဆံတာမျိုး၊ ဂရုစိုက်မှုပေးတာမျိုး၊ သူ့အပေါ် ဘယ်လောက် သံယောဇဉ်ခိုင်မာလဲဆိုတာကို ရှင်းပြနေတတ်တာမျိုးတွေက သူတို့အလိုရှိတဲ့ စိတ်ဆန္ဒလေးဖြစ်ပါတယ်။

 ၂။ နားလည်မှုနဲ့ ခွင့်လွှတ်မှု လိုချင်တယ် – မိန်းမတွေဟာ မိန်းမတွေပါပဲ။ ဘယ်လောက်ထက်မြက်ပြီး ဘယ်လောက်ကြီးကျယ်တဲ့ မိန်းမမျိုးပဲဖြစ်နေပါစေ၊ သူတို့ ချစ်ရတဲ့သူတွေဆီက နားလည်ပေးနိုင်မှုတွေ၊ ခွင့်လွှတ်သည်း ခံမှုတွေ အလိုရှိကြပါတယ်။ ဒါကြောင့်လဲ ချွဲတယ်၊ နွဲ့တယ်၊ ဆိုးတယ်၊ စိတ်ကောက်တယ်ဆိုတာတွေက မိန်းမတွေရဲ့ ဗီဇတစ်ခုလို စွဲကပ်နေတာပါ။ အထူးသဖြင့် ဓမ္မတာလာနေချိန်မျိုးတွေမှာ စိတ်အခြေအနေ မတည်ငြိမ် တာ မျိုး၊ ခံစားချက်လွန်ကဲတာမျိုးတွေဖြစ်တတ်တာမို့ ဒီလိုကာလတွေမှာ သူမတို့ကို ပိုပြီး ဂရုစိုက်ပေး၊ နားလည်ပေး၊ ခွင့်လွှတ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။

 ၃။ စိတ်ရင်းနဲ့ စကားပြောစေချင်တယ် – မိန်းကလေးတွေဟာလည်း ယောင်္ကျားလေးတွေလိုပဲ ချစ်ရသူနဲ့ စကားပြောဆိုဆွေးနွေးတိုင်ပင်ရတာကို နှစ်သက်ပါတယ်။ ဒါပေမယ့် မတူညီတာက ယောင်္ကျားလေးတွေက သူ တို့က ဦးဆောင်ပြောရတာကို နှစ်သက်တာဖြစ်ပြီးတော့ မိန်းကလေးတွေကတော့ သူတို့အပေါ် အလေးအနက်ထားပြီး စစ်စစ်မှန်မှန် ဆွေးနွေးတိုင်ပင်ပေးတာကို ပိုအလိုရှိတတ်ကြပါတယ်။

 ၄။ ကောင်းမွန်တဲ့ အခိုက်အတန့်လေးတွေ လိုချင်တယ် – အမျိုးသမီးတွေဟာ ကိုယ်ချစ်ရသူတွေနဲ့အတူ Quality Time လေးတွေ ဖန်တီးရ၊ ဖြတ်သန်းရဖို့ အလွန်ဆန္ဒရှိပါတယ်။ တကယ်ကို အမှတ်တရဖြစ်စေမယ့် Activities လေးတွေဟာ သူတို့အတွက် စိတ်ခွန်အားတစ်မျိုးပါပဲ။ ဒါကြောင့်လည်း မိန်းကလေးတွေကRomantic ဆန်တဲ့ Date မျိုးလေးတွေ၊ Surprise လုပ်ရပ်လေးတွေကို တန်ဖိုးထားကြ၊ အလိုရှိကြတာဖြစ်ပါတယ်။
  

၅။ No မလိုချင်ဘူး၊ Yes ပဲ လိုချင်တယ် – ဟုတ်ပါတယ်။ မိန်းကလေးတိုင်းဟာ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ဘက်မှာ ရပ်တည်နေတာ၊ ကိုယ့်ဆန္ဒကို လိုက်လျောတာ၊ ကိုယ့် အားနည်းချက်ကိုလက်ခံပေးတာမျိုးတွေပဲ အလိုရှိပါတယ်။ မိန်းမတစ်ယောက်ရဲ့ ဆန္ဒကို No လို့ ပြောမိတာဟာ ဒေါ်နယ် ထရမ့်ပ်ရဲ့ နဖူးကို တံတွေးနဲ့ သွားဆွတ်တာထက် ပိုဆိုးတဲ့ ပြစ်မှုဖြစ်ပါတယ်။ သူတို့ရဲ့ လိုအင်ဆန္ဒတိုင်းအတွက် သူတို့အလိုရှိတာ Yes ဖြစ်ပါတယ်။ ဒီလိုပြောတဲ့အတွက် သူတို့ကို အတ္တကြီးတယ်လို့ မဆိုလိုပါဘူး။ သူတို့အလိုရှိတာက အဲ့ဒီစကားလေးတစ်ခွန်းသာဖြစ်ပါတယ်။ ဒီလိုပြောလိုက်ရုံနဲ့ ချစ်ရသူက သူတို့အပေါ် အမှန်တကယ် ဂရုစိုက်တယ်ဆိုတဲ့ စိတ်ကျေနပ်နှစ်သိမ့်မှုလေးဖြစ်စေတာမို့ပါ။

  ၆။ သေသေချာချာ နားထောင်စေချင်တယ် – ယောကျားလေးတွေဟာ နားပူတဲ့ ဒါဏ်မခံနိုင်ကြတာများပါတယ်။ တစ်ဖက်မှာလည်း မိန်းကလေးတွေကလည်း သူတို့ ပြောတာကို နားထောင်စေချင်ကြပါတယ်။ သူတို့ရင်ထဲက ခံစားချက်တွေ၊ လိုအင်ဆန္ဒတွေ၊ သိချင်တာတွေ၊ နားလည်ချင်တာတွေအတွက် ချစ်ရသူကို တိုင်ပင်ချင်တယ်၊ ဆွေးနွေးချင်တယ်၊ ပြောပြချင်တတ်ပါတယ်။ ဒါမျိုးကို နားပူတယ်လို့ ထင်လို့မရပါဘူး။ ယောင်္ကျားလေးတွေကိုယ်တိုင်လည်း ကိုယ့်ချစ်သူဆီမှာ ရင်ဖွင့်ရတာကို နှစ်သက်ကြတယ်မဟုတ်လား။ အပြန်အလှန်ပေါ့။

   ၇။ လေးစားမှု ရှိစေချင်တယ် – အလုပ်ကိစ္စအပါအဝင် တခြားအကြောင်းအရာပေါင်း သောင်းခြောက်ထောင်အတွက် လူတိုင်းကို ‘ကျေးဇူးတင်ပါတယ်’ ‘ဂရုစိုက်ပါ’ ဆိုတဲ့စကားမျိုးတွေ ပြောဖြစ်ကြတယ်မဟုတ်လား။ ကိုယ်ချစ်ခင်နှစ်သက်ရတဲ့ မိန်းကလေးကိုလည်း ဒီလို ယဉ်ကျေးပြူငှာစွာ ပြောဆိုဆက်ဆံကြည့်ပါ။ သူတို့အတွက်တော့ ဒါမျိုးတွေက အဖိုးမဖြတ်နိုင်တဲ့ ကြင်နာယုယမှု/လေးစားမှုလို့ အဓိပ္ပါယ်သက်ရောက်စေပါတယ်။ သူတို့ကို နွေးထွေးလုံခြုံစေပါတယ်။ ဒီအချက်ဟာလည်း အမျိုးသမီးထုကြီး လိုချင်ကြတဲ့ စိတ်ဆန္ဒတွေထဲက တစ်ခုပါပဲ။

   ၈။ ကျန်းမာရေး စောင့်ရှောက်မှုပေးစေချင်တယ် – လူရယ်လို့ဖြစ်လာချိန်မှာ ကျန်းမာရေးပြဿနာတွေဟာ ရှောင်လွှဲလို့ရတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် ယောင်္ကျားလေးအများစုက ကျန်းမာရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်လာရင် ကိုယ်ကသာ အပြုစုခံချင်ကြတာများပါတယ်။ ချစ်သူမိန်းကလေး တစ်စုံတစ်ရာဖြစ်ခဲ့ရင် ကိုယ်ဖိရင်ဖိပြုစုဖို့ ဝန်လေးတတ်ကြပါတယ်။ ဒီလိုစိတ်မျိုးမရှိတတ်ကြပါဘူး။ ရှိမယ်ဆိုရင်တောင်မှ နည်းပါလိမ့်မယ်။ တကယ်တော့ မိန်းကလေးတွေဆိုတာက နာမကျန်းဖြစ်နေချိန်မှာ ယောင်္ကျားလေးတွေထက်တောင် ပိုပြီးပြုစုယုယမှုခံချင်တတ်ကြသူတွေပါ။ ဒါကို အမျိုးသားထုကြီးဘက်က နားလည်ထားဖို့ လိုအပ်ပါတယ်။

  ၉။ ချစ်တယ်လို့ ခံစားရချင်တယ် – ကိုယ်ချစ်ရသူက သူမတို့ကို တကယ်ချစ်နေတယ်ဆိုတဲ့ စိတ်ခံစားချက်မျိုးရဖို့ အမျိုးသမီးတိုင်းအလိုရှိပါတယ်။ သူမတို့ ချစ်နေတဲ့ တစ်စုံတစ်ယောက်ဆီက ဒီလိုခံစားချက်မျိုးပြန်မရမှာ သူတို့ အလွန်အမင်းစိုးရိမ်တတ်ကြပါတယ်။ တစ်ခါတစ်လေမှာ တစ်ချို့အမျိုးသားတွေဟာ ချစ်ကြပေမယ့် အဲဒီချစ်စိတ်ကို အပြင်မှာ ထုတ်ဖော်ပြသတာမျိုးမလုပ်ပဲ စိတ်ထဲချစ်နေရင်ပြီးရောဆိုပြီး သာမန်ကာ လျှံကာနေတတ် ကြပါတယ်။ တကယ်တော့ ဒီလိုလုပ်တာဟာ ချစ်သူအမျိုးသမီးကို နာကျင်စေနိုင်ပါတယ်။ သူတို့ကို အရမ်း ချစ်ကြောင်း ထုတ်ဖော်ပြသနေတာမျိုးကို အထူးတလည် အလိုရှိနေတတ်တာကြောင့်ပါပဲ။

၁၀။ ချစ်ရသူကို လိင်စိတ်ကျေနပ်မှု ရစေချင်တယ် – လိင်ပိုင်းဆိုင်ရာ ကိစ္စမှာ ယောင်္ကျားတွေက မိန်းမတွေကသူတို့အပေါ် သာယာအောင် စွမ်းဆောင်ပြတာမျိုး အလိုရှိသလို မိန်းမတွေကလည်း သူတို့ကြောင့် ချစ်သူ စိတ် ကျေနပ်သွားတာမျိုး အလိုရှိတတ်ကြပါတယ်။ ဒါကြောင့်လည်း ဆရာမကြီး စောမုံညင်းရဲ့ စာတစ်ပုဒ်မှာ မြန်မာပြည်က တစ်ချို့သောအမျိုးသမီးတွေဟာ အထွတ်အထိပ်ရောက်တယ်ဆိုတာ ဘာမှန်းမသိပဲ တစ်သက်လုံး ဖြတ် သန်းသွားရတာတွေရှိတယ်လို့ ထည့်သွင်းရေးသားခဲ့တာပါ။ အမျိုးသမီးတွေဘက်က ဘယ်လိုစိတ်မျိုးထားသည်ဖြစ်စေ အပြန်အလှန် အကျိုးသက်ရောက်မှုရှိအောင် ဆက်ဆံကြတာက နှစ်ဦးစလုံးအတွက် အကောင်းဆုံးလို့ အကြံပေးပါရစေ။

လေ့လာချက်တွေအရ အသက် ၁၈ နှစ်နဲ့ ၇၅ နှစ်အကြား အမျိုးသမီးတွေဟာ သူတို့ရဲ့ ဘေးမှာ လက်တွဲဖေးမပေးမယ့် ချစ်ရတဲ့ အမျိုးသားတစ်ဦးရှိနေဖို့ အလိုရှိကြပါတယ်တဲ့။ အိမ်ထောင်ဖက်၊ ချစ်သူရယ်လို့ မဟုတ်ပါဘူး။ စစ်မှန်တဲ့ Relationship တစ်ခုဟာ ဘဝကို ခွန်အားတစ်စုံတစ်ရာပေးနိုင်တယ်လို့ သူတို့က ယုံကြည်ထားကြလို့ပါ။ ဒီတော့ ဘယ်အသက်အရွယ်မဆို ဘယ်အချိန်မဆို အမျိုးသမီးတွေရဲ့ စိတ်ဆန္ဒဟာ အတူတူပဲလို့ ဆိုလို့ရပါတယ်။ ကိုကိုတွေအနေနဲ့လည်း အပေါ်ကအချက်တွေကို သိပြီဆိုရင် ကိုယ်ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်လို စိတ်ချမ်းသာအောင် ပျော်ရွှင်အောင်ထားရမလဲဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly