Diamond Princess ပေါ်လိုက်ပါခဲ့သည့် ဂျပန်နိုင်ငံသားနှစ်ဦး ကိုရိုနာကြောင့်သေဆုံး

Diamond Princess ပေါ်လိုက်ပါခဲ့သည့် ဂျပန်နိုင်ငံသားနှစ်ဦး ကိုရိုနာကြောင့်သေဆုံး

 ဖေဖော်ဝါရီ ၂၀ ။               ။ ဂျပန်အပျော်စီးသင်္ဘော Diamond Princess ပေါ်၌ လိုက်ပါခဲ့သည့် အသက် ၈၀ ကျော်အရွယ် ဂျပန်နိုင်ငံသားနှစ်ဦး ကိုရိုနာကူးစက်ခံရကာ သေဆုံးခဲ့ပြီး သင်္ဘောပေါ်လိုက်ပါခဲ့သူများအနက် ပထ မဆုံးသေဆုံးမှုဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်တွင် NHK က ထုတ်ပြန်ကြေညာသည်။

၎င်းတို့နှစ်ဦးသည်  ကိုရိုနာကူးစက်ခံရသည့်လက္ခဏာပြနေသောကြောင့် ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် သင်္ဘောပေါ်မှ ဆင်းပြီး ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ကြသည်။

ဂျပန်ကမ်းလွန် ယိုကိုဟားမားဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် Diamond Princess ပေါ်၌ ခရီးသည်နှင့်ဝန်ထမ်းပေါင်း ၃၇၀၀ ကျော်လိုက်ပါခဲ့ပြီး အနည်းဆုံး ၆၂၁ ဦးမှာ ကိုရိုနာကူးစက်ခံထားရကြောင်း စစ် ဆေး တွေ့ရှိ ထားသည်။

၁၄ ရက် စောင့်ကြည့်စစ်ဆေးသည့်ကာလအတွင်း ရောဂါလက္ခဏာမပြသည့် ခရီးသည် ၄၄၃ ဦးကိုလည်း ယမန်နေ့က သင်္ဘောပေါ်မှ ဆင်းခွင့်ပြုခဲ့သည်။ လာမည့်သုံးရက်အတွင်း ခရီးသည်အားလုံး သင်္ဘောပေါ်မှ ဆင်းခွင့် ရ နိုင်မည်ဟု မျှော်လင့်ထားသည်။

Convid-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့်  တရုတ်ပြည်မကြီးတွင် ဖေဖော်ဝါရီ ၂၀ ရက်အထိ သေဆုံးသူ ၂၁၁၈ ဦးနှင့် ကူးစက်ခံရသူ ၇၄၀၀၀ ကျော်ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required