လိုက်ပ်ဇစ်ကို ရှုံးခဲ့တဲ့ပွဲမှာ တော့တင်ဟမ်က ‘ကျည်မပါတဲ့ သေနတ်နဲ့ တိုက်ပွဲဝင်ခဲ့ရတယ်’လို့ မော်ရင်ဟို ငြီးတွား

လိုက်ပ်ဇစ်ကို ရှုံးခဲ့တဲ့ပွဲမှာ တော့တင်ဟမ်က ‘ကျည်မပါတဲ့ သေနတ်နဲ့ တိုက်ပွဲဝင်ခဲ့ရတယ်’လို့ မော်ရင်ဟို ငြီးတွား
Photos: EPA

ဗုဒ္ဓဟူးနေ့က လိုက်ပ်ဇစ်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာ တော့တင်ဟမ်အနေနဲ့ "ကျည်ဆံမပါတဲ့ သေနတ်နဲ့ တိုက်ပွဲဝင်ခဲ့ရသလို"ဖြစ်ခဲ့တယ်လို့ မော်ရင်ဟိုက ငြီးတွားသွားပါတယ်။ မကြာသေးခင်က ဒဏ်ရာရရှိခဲ့ကြတဲ့ အဓိကကစားသမားတွေ ဒီပွဲမှာ မပါဝင်နိုင်ခဲ့တဲ့အတွက် အခုလို ပြောဆိုသွားတာပါ။

စပါးအသင်းအနေနဲ့ တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ ဟယ်ရီ ကိန်းနဲ့ ဆွန်ဟောင်မင်းတို့ ဒဏ်ရာကြောင့် လက်လွှတ်ခဲ့ရတာဖြစ်ပြီး လူစာဝင်ကစားသမားတွေဖြစ်တဲ့ လာမယ်လာနဲ့ ဒွန်ဘီလီတို့ နှစ်ဦးလုံးကလည်း ကြံ့ခိုင်မှုအပြည့် မရသေးတာလည်းဖြစ်ပါတယ်။

"ကျနော်တို့ တကယ် ဒုက္ခရောက်နေတယ်။"လို့ မော်ရင်ဟိုက ပြောပါတယ်။

"ဒီတစ်ပွဲတည်းဆိုရင် ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ အက်ဖ်အေဖလားရော ပရီးမီးယားလိဂ်ပွဲတွေရော ကစားရဦးမှာလေ။"

သူက ဆက်ပြီး "၁-၀ နဲ့ ရှုံးခဲ့တဲ့အပေါ်မှာ ကျနော်ဘက်က စိုးရိမ်မှု ရှိမနေပါဘူး။ ကျနော်တို့ နောက်တကျော့မှာ အနိုင်ပြန်ကစားနိုင်ပါတယ်။ စိုးရိမ်ရတာက ကျနော်တို့ရဲ့ ကစားသမားတွေအတွက်ပါပဲ။ သူတို့တွေက နောက်ထပ်ပွဲများစွာ ကစားဖို့ရှိနေသေးတယ်။"လို့ ပြောပါတယ်။

စပါးအသင်းဟာ လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ အိမ်ကွင်းမှာ ပွဲချိန် (၅၈)မိနစ်မှာ တီမိုဝါနာရဲ့ ပင်နယ်တီဂိုးနဲ့ အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။

ဒီပွဲမှာ ကွင်းအတွင်း ခြေစွမ်းပြသဖို့ ရုန်းကန်နေရတဲ့ အလီနဲ့ ဂတ်ဆန် ဖာနန်ဒက် နှစ်ဦးလုံးကို မော်ရင်ဟိုက လူစားလဲလှယ်ခဲ့ပြီး လူစားလဲခံခဲ့ရတဲ့ အလီကတော့ ဒေါသအိုးပေါက်ကွဲခဲ့ပြီး အရံခုံပေါ်မှာ ရေဘူးကို ပစ်ပေါက်ခဲ့တဲ့ ရုပ်ကတ်တွေကို မြင်တွေ့ခဲ့ရပါတယ်။

မော်ရင်ဟိုက ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ "သူ (အလီ)က သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ဆိုးဒေါသထွက်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်နဲ့တော့ မဆိုင်ပါဘူး။ ကျနော် သူ့ကို ဘာကြောင့် လူစားလဲခဲ့ရသလဲဆိုတာ သူနားလည်မယ်လို့ ထင်ပါတယ်။ ပြီးတော့ အသင်းကစားကွက်က ပိုကောင်းမွန်လာခဲ့တယ်။"လို့ သုံးသပ်သွားခဲ့ပါတယ်။

လန်ဒန်ကလပ်ဟာ မတ်လ ၁၀ ရက်နေ့မှာ ဂျာမနီမြေမှာ ဒုတိအကျော့ မတိုင်ခင် လာမယ့် စနေနေ့မှာ ချယ်လ်ဆီအသင်းနဲ့ ကစားပြီးတဲ့နောက်မှာ ဝုဗ်စ်၊ နော်ဝှချ်တို့နဲ့ ဆက်တိုက် ကစားသွားဖို့ ရှိနေပါတယ်။ ဒါ့ကြောင့် ဒီပွဲတွေမှာ တိုက်စစ်မှူးတွေ မရှိပဲ ကစားရရင် ခက်ခဲလာမှာကို မော်ရင်ဟို စိုးရိမ်နေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly