ခန္တီးနှင့် ဟုမ္မလင်းကို နာဂဒေသထဲထည့်သွင်းရန် တောင်းဆိုမှု ပြန်လည်ပယ်ဖျက်

By စိုင်းဦး
19 February 2020
ခန္တီးနှင့် ဟုမ္မလင်းကို နာဂဒေသထဲထည့်သွင်းရန် တောင်းဆိုမှု ပြန်လည်ပယ်ဖျက်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၉။        ။ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့အား နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းပေးရန် တောင်းဆိုမှုကို ပယ်ဖျက်လိုက်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး နန်းမွေးမွေးခင်က ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ပယ်ဖျက်လိုက်ပြီဆို‌တော့ ဒီစာက ဘောင်မဝင်တော့ဘူးဆိုတဲ့ သဘောဖြစ်သွားတာ ပေါ့နော်၊ ဒီစာက ကျွန်မတို့လည်း မသိဘူး facebook ပေါ် ပြန့်လာမှ ကျွန်မတို့လည်း  သိရတာ” ဟု ၎င်းက ဆိုသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း နာဂတိုင်းရင်းသား၏ တင်ပြချက်ကို လူထု အရှေ့မှာပင် ဒေသတစ်ခု ပြည်နယ်တစ်ခု ခွဲထားပြီး ခုချိန်မှာ စဉ်းစားပေး၍ မရကြောင်းပြောခဲ့ပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး နန်းမွေးမွေးခင်က ပြောသည်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ပြောခဲ့ပြီးသားပေါ့နော်၊ နာဂတိုင်းရင်းသားရဲ့ တင်ပြချက်ကို လူထု အရှေ့မှာပဲ နိုင်ငံတော်အတိုင်ပင်ခံက ပြောခဲ့ပြီးသား။ ဒေသတစ်ခု ပြည်နယ်တစ်ခု ခွဲထားပြီးတော့ အခုချိန်မှာ စဉ်းစား ပေးလို့ မရဘူးဆိုတာ ပြောခဲ့ပြီးသား။ ပြောခဲ့ပြီးသားကို အခုလိုစာမျိုး ထွက်လာတာက မဖြစ်သင့်ဘူးလို့ မြင်တာပေါ့နော်၊ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းရင်းသားတွေ အချင်းချင်းကြာ ရင်းနှီးချစ်ခင်မှု ပျက်ပြားစေ သလို ဒေသရဲ့ တည်ငြိမ်မှုကို ငြိမ်းချမ်းမှုကိုလည်း ပျက်ပြား သွားစေနိုင်တဲ့ ဟာမျိုးဖြစ်တယ် ” ဟု ၎င်းက ဆို သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်မှ ၂၃ ရက် အထိ စစ်ကိုင်းတိုင်းဒေသကြီး ခရီးစဉ်အဖြစ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်မှာ လူထုတွေ့ဆုံပွဲ တစ် ခုပြုလုပ်စဉ် လေရှီးမြို့နယ်မှ ဦးကီရှီးမှူးက ခန္တီးနှင့် ဟုမ္မလင်းကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းပေးရန် တောင်းဆိုခဲ့သည်။

ဦးကီရှီးမှူးက ၁၉၆၅ ခုနှစ်က ခန္တီးခရိုင်အတွင်း ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊နန်းယွန်း စသည့် မြို့နယ်များ ပါဝင်ခဲ့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းပြီးနောက်တွင် လေရှီး၊ လဟယ်၊ နန်းယွန်းတို့ကို  နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသအဖြစ် သတ်မှတ်လိုက်ရာ လုပ်ပိုင်ခွင့် နည်းသွားသည့်အတွက် ခန္တီး၊ ဟုမ္မလင်း တို့အား နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြန်လည်ဖွဲ့စည်းပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လေရှီးမြို့နယ်မှာ လူထုတွေ့ဆုံပွဲလုပ်စဉ် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တောင်းဆိုမှုအပေါ် အစိုးရက ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရက်စွဲဖြင့် လေရှီးမြို့နယ်မှ ဦးကီရှီးမှူး၏ နာဂ ဒေသ ဖွံ့ဖြိုးရေးအတွက် အထူးဒေသအဖြစ် သတ်မှတ် ဆောင်ရွက်ပေးရေးနှင့် ခန္တီးနှင့် ဟုမ္မလင်းမြို့တို့ကို နာဂ ဒေသထဲသို့ ပြန်လည် ထည့်သွင်းသတ်မှတ်ပေးရေး တင်ပြချက်နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးနိုင်မည့် အခြေအ နေကို စိစစ်၍ ပြန်လည်တင်ပြရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးမှ ခန္တီးနှင့် လဟယ် အုပ်ချုပ်ရေးမှူးသို့ ပေးပို့သောစာမှာ ဖော်ပြထားသည်။

ထို့နောက် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေအား လိုအပ်သော စာရွက်စာတမ်း အထောက်အထားများနှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက် ၉ နာရီအရောက် မပျက် မကွက်(မပျက်မကွက်) ပြန် လည်တင်ပြရန် ဖော်ပြပါရှိသည်။

ထိုလမ်းညွန်မှာကြားစာ ထွက်ပေါ်လာပြီးနောက် ဟုမ္မလင်းနှင့် ခန္တီးမြို့များရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ များ၊ ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ်၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP)၊ ရှမ်းတိုင်းရင်း သား များ စာပေနှင့်ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်-မုံရွာ)တို့က ကန့်ကွက်ကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

ထို့အပြင် ခန္တီးမြို့မှ ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီ(ခန္တီး)က ခန္တီးနှင့် ဟုမ္မလင်းကို နာဂဒေသထဲ ထည့်သွင်းရန် တောင်းဆိုမှုကို ကန့်ကွက်ကြောင်း၊ လီဆူစာပေနှင့်ယဉ်ကျေးမှုကော်မတီ(ခန္တီး) ကလည်း သဘော မတူပါကြောင်း၊ ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ(ခန္တီး)ကတော့ လူမျိုးရေး ပဋိပက္ခအသွင်ဆောင် မည့် နောက်ဆက်တွဲပြဿနာများအား ရှောင်ရှားစေလိုကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့စွဲဖြင့် အသီးသီး ထုတ်ပြန် ခဲ့သည်။

အဆိုပါ ကန့်ကွက်မှုများ ထွက်ပေါ်လာပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၁၄-၂-၂၀၂၀) ရက်စွဲပါ စာအမှတ်၊ ၂/၄-၁(၈၀၄)/ဦး၁(အထဥ) ရည်ညွန်းစာကို ဤစာဖြင့် ကျော်လွန် ပယ်ဖျက် သည်ဟု ဖေဖော်ဝါရီ ၁၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခန္တီးမြို့ ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လဟယ်မြို့ ဒေသအထွေထွေအုပ် ချုပ်ရေးဦးစီးဌာနသို့ လိပ်မှု၍ ပေးပို့ခဲ့ သော စာတစ်စောင် ထွက်ပေါ်လာခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly