လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပြန်လည်ကုစားပေးရေးမူဝါဒကို ယခုနှစ်မှာ အချောသတ်ရေးမည်

လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပြန်လည်ကုစားပေးရေးမူဝါဒကို ယခုနှစ်မှာ အချောသတ်ရေးမည်
ပုံ -  AAPP   ထောင်းတွင်း အပြစ်ပေးမှု ဒေါက်ခြေချင်း သရုပ်ပြနေပုံ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၉။         ။ နိုင်ငံရေးအကျဉ်းသားများ နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအတွက် ပြန်လည်ကုစားပေးရေး မူဝါဒကို ယခုနှစ်တွင်  အပြီးသတ် ရေးဆွဲသွားမည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

“၂၀၂၀ ခုနှစ်အတွင်း အပြီးရေးမှာပါ၊ မူကြမ်း ရေးပြီးရင်တော့ သက်ဆိုင်ရာ လွှတ်တော်၊ အစိုးရနဲ့ Stakeholders တွေကို လက်ခံလာအောင် လုပ်မယ်။ နောက် ပြင်ဆင်ဖြည့်စွက်သင့်တာတွေ ဖြည့်စွက်ပြီးရင် အစိုးရက တာဝန် ယူ လာအောင် လုပ်မယ်။ အခု အစိုးရကလည်း တာဝန်ယူမယ့် ပုံစံမျိုး ပြောလာတာလည်း ရှိပါတယ်။ကျွန်တော်တို့ အသိ အမှတ်ပြုရေးက စရမှာပါ။ ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေ အပေါ်မှာ လူ့အခွင့်အရေး ချိုး ဖောက်မှု တွေ ပြုလုပ်ခဲ့ပါ တယ်။ ရှိခဲ့ပါတယ်ဆိုတဲ့ကိစ္စကို ပြုလုပ်ခဲ့တဲ့သူတွေက ဝန်ခံလာဖို့ ၊ ဝန်ချ တောင်းပန်ဖို့က စရမှာပါ” ဦးတိတ်နိုင်က ပြောသည်။

“ပြန်လည် အစားထိုး ကုစားခြင်းဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်” ရေးဆွဲနိုင်ရန် လူ့အခွင့်အရေး ဆောင်ရွက်နေ သည့် အဖွဲ့များနှင့် နိုင်ငံရေး အကျဉ်းသားများအရေး ဆောင်ရွက်နေသည့် အရပ်ဖက်အဖွဲ့ ၂၁ ဖွဲ့ ပူးပေါင်း၍ ရေးဆွဲ နေပြီး ဖြစ်ကြောင်း သိရသည်။

ပထမအဆင့် အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြုလုပ်ခဲ့သူများက ဝန်ခံလာရန်၊ ဒုတိယ အဆင့် အနေဖြင့် အစိုးရက ပြန်လည် ကုစားပေးမှုများ ပြုလုပ်ပေးရန်နှင့် ချိုးဖောက် ခံရသူများအား အသိမှတ်ပြုပေးရန်၊ အထိမ်းအမှတ် မှတ်တိုင်များ၊ လမ်းများတွင် နာမည်ပေးခြင်းများဖြင့် ဂုဏ်ပြုပေးရန် စသည့် အချက်များကို ဥပဒေမူကြမ်း ထဲမှာ အသေးစိတ် ထည့်သွင်း ရေးသားသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်က လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်(ND- Burma) နှင့် တခြား အရပ်ဘက် အဖွဲ့အစည်းများ စုဖွဲ့ထားသည့် ပြန်လည် ကုစားပေးလျော်မှု အလုပ်အဖွဲ့ (Reparation Working Group) တို့၏ လူ့ အခွင့်အရေး ချိုးဖောက်မှုများမှ တရားမျှတမှုအတွက် စုစည်းရေးသားထားသည့် ဥပက္ခာ မပြုကောင်းသောဘဝများ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ဥပက္ခာ မပြုကောင်းသောဘဝများ အစီရင်ခံစာသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခု၌ ပြီးခဲ့သည့် ၄၇ နှစ်အတွင်း (၁၉၇၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အကြား ) လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှု ၃၀၀၀ ကျော် ရှိသည့်အထဲမှ စံနမူနာ ၁၁၁ မှုကို စစ်ဆေး မှတ်တမ်း တင်ထားသည့် အစီရင်ခံစာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော် နိုင်ငံသားများနှင့် မူလအခွင့်အရေးဆိုင်ရာ ကော်မတီ၊ အမျိုးသား လွှတ်တော် နိုင်ငံသားများနှင့် မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၊ အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီတို့ဖြင့် တွေ့ဆုံကာ ဆွေးနွေးခဲ့သည့်အခါမှာ မူကြမ်းရေးဆွဲရန် တိုက်တွန်းသည့်အတွက် ပြန်လည်ကုစားရေးမူဝါဒကို အကြမ်းရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ယခုအခါမှာတော့ ပြင်ဆင် ဖြည့်စွက် မှုများဖြင့် အချော ပြန်ရေးဆွဲနေကြောင်း သိရသည်။

လူ့အခွင့် အရေး ချိုးဖောက်မှုများကို စစ်အစိုးရ လက်ထက် အဆက်ဆက်က ပြုလုပ်ခဲ့ သည်ဆို သည့် အချက်ကို တပ်မတော်သား ကိုယ်စားလှယ်တချို့က သဘောမတူသည့်အတွက် မူဝါဒကို လက်ခံလာစေရန် ထပ်မံ ဆွေးနွေး နေရ သလို ဖြည့်စွက် ပြင်ဆင်နေရကြောင်း ပြန်လည်ကုစားပေးလျော်မှု အလုပ်အဖွဲ့တွင် ပါဝင်သည့် ပွင့်လင်း မြန်မာရှေ့ဆောင် အဖွဲ့မှ Training Director ဦးရဲအောင်က ဆိုသည်။

“သူတို့ စိတ်ဝင်စားတဲ့အတွက် ဥပဒေကြမ်း တစ်ခုရေးပါဆိုလို့ Policy Paper တစ်ခုရေးပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ထပ်ပြီး သွားရှင်းပြခဲ့တယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသလို နိုင်ငံတကာတွင်ရှိသော မူဝါဒ ဥပဒေ များကို စံနမူနာယူကာ အချောသတ် ပြင်ဆင်ရေးဆွဲမှုများ ပြုလုပ်နေရခြင်းကြောင့် ယခုနှစ်အတွင်းမှာ ဥပဒေကြမ်း ထွက် နိုင်ရန်အခက်အခဲရှိပြီး နောက်အစိုးရလက်ထက်မှသာလျှင် ဥပဒေထွက်ပေါ်လာစေရန် ကြိုးစားမည် ဖြစ်ကြာင်း ၎င်းက ဆိုသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly