အိုင်အက်စ်သတ်ဖြတ်ရေးသမားဟောင်းတစ်ဦးအား တူရကီရဲတပ်ဖွဲ့ ဖမ်းဆီး

အိုင်အက်စ်သတ်ဖြတ်ရေးသမားဟောင်းတစ်ဦးအား တူရကီရဲတပ်ဖွဲ့ ဖမ်းဆီး

ဖေဖော်ဝါရီ ၁၉ ။                 ။  ဆီးရီးယားနိုင်ငံမှာ အိုင်အက်စ်အဖွဲ့အတွက် သတ်ဖြတ်ရေးသမားအဖြစ် လုပ်ကိုင်ခဲ့သူလို့ သံသယရှိရပြီး တူရကီနိုင်ငံဆီ အရပ်သားအသွင်နဲ့ ပြန်လည်ရောက်ရှိလာ သူ တစ် ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဌာနေသတင်းက ဖေဖော်ဝါရီ ၁၈ ရက်မှာ ဖော်ပြပါတယ်။

အသက် ၅၀ အရွယ် ဆီးရီးယားနိုင်ငံသား အဘူတာကီအယ်ရှာမီဆိုသူကို ပြီးခဲ့သည့် တနင်္လာနေ့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ တူရကီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့ နိုင်ငံပိုင် အန်နာဒို လူသတင်း ဌာနက ဖော်ပြပါတယ်။

အိုင်အက်စ်အုပ်စုရဲ့ တစ်ချိန်က အမာခံနယ်မြေဖြစ်ခဲ့တဲ့ ဆီးရီးယားအရှေ့ပိုင်း ဒီယာအစ်ဇောအရပ်မှာ အဘူတာကီအယ်ရှာမီဟာ အိုင်အက်စ်သတ်ဖြတ်ရေးသမားတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ အဆိုပါ သတင်းက ဆိုပါတယ်။

သူ့ကို ဖမ်းဆီးတဲ့ ဗီဒီယိုမှာတော့ အဘူတာကီအယ်ရှာမီကို မုတ်ဆိတ်ကျင်စွယ် ရိတ်ထားတာကို မြင်တွေ့ရပါတယ်။

ဒါပေမယ့် နှစ်အတန်ကြာက ဆီးရီးယားမှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှာ အရပ်သားတစ်ဦးကို ခေါင်းနောက်ကနေ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ မုတ်ဆိတ်ကျင်စွယ်နဲ့ လူဟာ အဘူတာကီအယ်ရှာမီပဲ ဖြစ်ကြောင်း သိရပါတယ်။

သူ့ကို ဖမ်းဆီးရမိတာနဲ့အတူ အိုင်အက်စ်နဲ့ ချိတ်ဆက်တဲ့ နောက်ထပ် လူသုံးဦးကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း အန်နာဒိုလူသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly