Almond နဲ့ ဗာဒံ တူတူပဲလား

Almond နဲ့ ဗာဒံ တူတူပဲလား

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

စားနေကျ ချောကလက်ထဲ မှာပဲ ဖြစ်ဖြစ်၊ မနက်ခင်း နွားနို့နဲ့ စားမယ့် အစေ့အဆန်တွေထဲမှာပဲ ဖြစ်ဖြစ် Almond ကို မြင်ဖူး စားဖူးနေမှာပါ။ အခုခေတ်မှာ almond ဆိုတာ မုန့်ဖုတ်ဝါသနာပါသူတွေနဲ့ မစိမ်းသလို သူကရတဲ့ အဆီအနှစ်ကို နို့ထဲထည့်တယ်… အလှကုန်ထဲထည့်တယ် …စသည်ဖြင့် အစုံသုံးလို့ရပါတယ်။

စာရေးသူကတော့ ဘူးနဲ့လာပြီး အဆင်သင့်ဝါးစားလို့ရတဲ့ roasted almond စေ့လေးတွေကို တခြား snack တွေအစား ဝါးလေ့ရှိတယ်။ အရသာတော်တော်ရှိတာကိုး။ အဲ့လိုဝါးရင်းနဲ့မှ ငယ်ငယ်က အိမ်ရှေ့မှာရှိတဲ့ ဗာဒံပင်ကြီးအောက် ဗာဒံသီးအခြောက်တွေကို ခဲနဲ့ ချိန်ပစ်ချရင်း ရလာတဲ့ အသီးခြောက်တွေကို အုတ်နီခဲပေါ်တင် ကျောက်တုံးနဲ့ ကျကျနနထု ပြီး အဆန်ထုတ်စားခဲ့တာကိုပြန်ပြောင်း သတိရမိတယ်။ ဗာဒံကို Almondလို့ပဲ ငယ်ငယ်က သင်ခဲ့ရတာကိုး။ သူတို့ က တူတူပဲလား။

တကယ်တော့ မြန်မာပြည်က ဗာဒံပင်ကို english လို indian almond လို့ခေါ်ပါတယ်။ တခြားနာမည်ကွဲတွေလည်း အများကြီးရှိပါတယ်။ country almond, Malabar almond, sea almond, tropical almond, beach almond စသည်ဖြင့်ပေါ့လေ။ ဘယ်လိုဖြစ်လို့ ခုလို အခေါ်အဝေါ် ရောကုန်လဲ ဆိုတော့ Badam( ဗာဒံ ) ဆိုတဲ့ စာလုံးက အိန္ဒိယစကားပါ … အဓိပ္ပာယ်က တကယ့် almond ပင်ကို ခေါ်တာပါ။

ခု စာရေးသူတို့ဆီက ဗာဒံပင် (indian almond) ကိုကျတော့ သူတို့က india badam လို့ ခေါ်ပါတယ်။ နာမည်သာ တူနေပေမယ့် ဇီဝမျိုးစိတ်ချင်းလုံးဝမတူပါဘူး။ အပင်၊ အရွက်၊ အသီး အပွင့်လည်း ပုံစံချင်း ဘာမှကို မတူတာပါ။ Indian almond ခေါ် ဗာဒံပင်က မျိုးရင်း Combretaceae ဖြစ်ပြီး ဇီဝမျိုးကွဲနာမည်က Terminalia catappa ပါ။ Almond ကတော့ မျိုးရင်း Rosaceae ကဖြစ်ပြီး ဇီဝမျိုးကွဲ နာမည် Prunus dulcis ဖြစ်ပါတယ်။ တွေ့လား…ဘာမှကို မတူတာ။

Almond က ဘယ်သူနဲ့ အမျိုးတော်လဲ သိလား။ ချယ်ရီပင်နဲ့ပါ။ ပန်း အပွင့်ကအစ ချယ်ရီပန်း နဲ့ အတော်လေးဆင်ပါတယ်။ ချယ်ရီ နဲ့ almond ဟာ မျိုးရင်းရော မျိုးစိတ်ပါတူပါတယ်။ ( ချယ်ရီရဲ့ မျိုးရင်းက Rosaceae ဖြစ်ပြီး ဇီဝမျိုးကွဲ နာမည်မှာ မျိုးစုက Prunus ပါပဲ။ မျိုးစိတ် အမည်ကတော့ ချယ်ရီ အမျိုးအစားကို လိုက်ပြီး အမျိုးမျိုးကွဲတာပါပဲ)

သည်လောက်ညွှန်းနေရတာ အကြောင်းရှိပါတယ်။ ဗာဒံစေ့ရော Almond ပါ အရသာရှိသလို ကောင်းကျိုးသိပ်များလို့ပါပဲ။ လက်တစ်ခုပ်စာရှိတဲ့ Almond စေ့တွေမှာ နှလုံးအကျိုးပြု မပြည့်ဝဆီ ၁၄ ဂရမ်၊ အသားဓာတ် ၆ဂရမ်၊ ကဆီ ဓာတ် ၂.၅ဂရမ် နဲ့ အမျှင်ဓာတ် တွေကြွယ်ဝစွာ ဝင်တဲ့အပြင် အပိုဆုအနေနဲ့ ဗီတာမင် E ရယ်၊ ဗီတာမင် B2 ရယ်၊ မန်းဂနိစ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး စတဲ့ သတ္တုဓာတ်တွေလည်း အဓိကပါသေးတယ်။ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း အများကြီးကို ပါသေးတာပါ။ ပမာဏနည်းပေမဲ့ပေါ့လေ။

Almond စားရင် သူ့ရဲ့ အစေ့ဖုံးအမြှေးပါးလေးပါ ပါတဲ့ဟာမျိုး ဝယ်စားသင့်တယ်။ အရေခွံပါတဲ့ Skinned almond ခေါ်တာပေါ့။ အဲ့ အမြှေးပါးအရေခွံလေးက အထင်သေးလို့မရဘူး။ သူ့မှာ ဓာတ်တိုးဆန့်ကျင်တဲ့သဘောသတ္တိရှိတဲ့ antioxidents တွေ အများကြီးပါတယ်။ သည်ဓာတ်တွေက ခန္ဓာကိုယ်အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး  အရွယ်တင်နုပျိုစေတယ်။ Almond မှာပါတဲ့ နှလုံးအကျိုးပြု မပြည့်ဝဆီ တွေက သွေးတွင်းကိုလက်စထရော ကိုလျော့ကျစေပြီး မဂ္ဂနီဆီယမ်က သွေးဖိအားကို ထိန်းညှိပေးတာမို့ သွေးတိုးသမားတွေ အတွက် အဆင်ပြေတယ်။ မဂ္ဂနီဆီယမ် က သွေးတွင်းအချိုဓာတ်ကိုလည်း ကျစေသေးတာမို့ ဆီးချိုသမားအတွက်လည်း အဆင်ပြေပြန်ရော။ အမျှင်ဓာတ်၊ အသားဓာတ်၊ အဆီဓာတ် သာများပြီး ကစီဓာတ်နည်းလေတော့ စားလိုက်ရင် အဆာခံနိုင်သလောက် ကိုယ်အလေးချိန်လည်းမတိုးဘူး။ ဒါကြောင့် almondဟာ ကိုယ်ကာယ ကြံ့ခိုင်ရေး လိုက်စားနေသူတွေအတွက်လည်း သိပ်အဆင်ပြေတဲ့ စားစရာ တစ်မျိုးဖြစ်လာတယ်။
ကဲ …စာရေးသူတို့ရဲ့ ငယ်အမှတ်တရ ဗာဒံစေ့တွေကရော။

တကယ်တော့ ဗာဒံသီးက အပြင်ခွံ( အသီး ) ရော အထဲက အဆန် ပါ စားလို့ရပါသတဲ့။ အံ့သြစရာနော်။ သူက ခြောက်သွားရင် ရေပေါ်ပေါ်တာမို့ သီးကြွေအခြောက် တွေဟာ ရေလမ်းဖြတ်ပြီး မျိုးစိတ်ပြန့်ပွါးရေးလုပ်နိုင်ပါသတဲ့။ မြန်မာပြည်က ဗာဒံစေ့တွေဟာ အသည်းအတွက်ကောင်းတယ် လို့ဆိုပါတယ်။ ဗာဒံစေ့ဟာ  အဟာရတန်ဖိုးအနေနဲ့ရော ကျန်းမာရေးကောင်းကျိုးအရပါ  almond နဲ့ ပခုံးချင်း ကောင်းကောင်းယှဥ်နိုင်ပါသေးတယ်။

ပြောရရင် Almond မှာ ပါသလောက် ဗီတာမင်နဲ့သတ္တုဓာတ်တွေကို ဗာဒံစေ့မှာလည်းတွေ့ရပါတယ်။ ရာခိုင်နှုန်းအနည်းငယ်ကွာနိုင်ပေမယ့် ထပ်တူနီးပါး ပါပဲ။ သည်တော့ almond စားရင် ရလာမယ့် ကောင်းကျိုးတွေကို ဗာဒံစေ့စားရင်လည်း ရနိုင်တာပေါ့။ ဗာဒံရွက်တွေကိုဆို အရေပြားရောဂါတချို့အတွက် ဆေးဝါးဖော်စပ်တဲ့နေရာမှာ သုံးလို့ရတယ်လို့ လည်း သိရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly