လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသည့် ဗစ်တိုးရီးယားအမှု ပြင်ဆင်ချက် တိုင်းဥပဒေရုံးပယ်ချ

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသည့် ဗစ်တိုးရီးယားအမှု ပြင်ဆင်ချက် တိုင်းဥပဒေရုံးပယ်ချ
အမှုနှင့်ပတ်သက်ပြီး မန္တလေးတိုင်း ဒေသကြီး ဥပဒေရုံး တာဝန်ရှိသူများ မီဒီယာများကို ရှင်းလင်းနေစဉ်။

မန္တလေး၊ ဖေဖေါ်ဝါရီ ၁၈။              ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသည့် မူကြိုကလေးငယ် ဗစ်တိုးရီးယား၏ အမှုနှင့် ပတ်သက်ပြီး သံသယတရားခံ အောင်ကြီးကို တရားရှင် လွှတ်ပေးခဲ့သော ဒက္ခိဏ ခရိုင်တရားရုံး၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ချက်တင်သွင်းရန် ဒက္ခိဏခရိုင် ဥပဒေရုံးနှင့် အမှတ်၁ မှုခင်းရဲတပ်ဖွဲ့တို့၏ တင်ပြမှုကို မန္တတိုင်းဒေသကြီး တိုင်းဥပဒေရုံးက ပယ်ချလိုက်သည်။

ယခုကဲ့သို့ အမှုပြင်ဆင်ချက်ကို ပယ်ချရခြင်းသည် အမှုတွဲ၏ စစ်ဆေးပေါ်ပေါက်ချက်အရ တရားရုံးအမိန်သည် မှန်ကန်သင့်မြတ်ကြောင်း သုံးသပ်သည့် အတွက် ပြင်ဆင်မှု တင်သွင်းရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး တိုင်းဥပဒေအရာရှိ ဦးတင်မြင့်ဦး က ဖေဖေါ်ဝါရီ ၁၈ရက်နေ့ နေ့လယ်က မန္တလေးမြို့တွင် သတင်းသမားများကို ပြောခြင်းဖြစ်သည်။

အမှုနှင့် ပတ်သက်ပြီး အထောက်အထားများ ရှိပါက တရားလို အနေဖြင့် သီခြားအမှုဖွင့် ဆောင်ရွက်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရုံး အဖွဲ့မှူး ဦးသိန်းဌေးက သတင်းမီဒီယာများကို ပြောသည်။အဆိုပါအမှုတွင် သံသယတရားခံ အောင်ကြီးကို တရားရုံးက တရားရှင် ပြန်လွှတ်ပေးခဲ့ပြီး ရက်ပေါင်း ၆၀ ပြည့်မြောက်သည့် နေ့တွင် ယခုကဲ့သို့ ဥပဒေရုံး၏ တာဝန်ရှိသူများက ပြောဆိုလာခြင်း ဖြစ်သည်။

“ လက်ရှိအမှုမှာ လက်ရှိတရားခံနဲ့ ပူးပေါင်းကျူးလွန်တာ ရှိရင်တော့ နောက်တိုးတရားခံ ထည့်လို့ရပါတယ်။ အဲဒီလို ပူးပေါင်းကျူးလွန်တာမျိုး မတွေ့ရပါဘူး။ တရားလိုအနေနဲ့ လုံလောက်တဲ့အထောက်အထားတွေ ရှိရင်တော့ သီခြားအမှုဖွင့် ဆောင်ရွက်လို့ရပါတယ်” ဟု ဦးသိန်းဌေးက ပြောသည်။

ဗစ်တိုးရီးယားဟု အမည်ပေးထားသည့် Wisdon Haill မူကြိုကျောင်းမှ ကလေးငယ်သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရကြောင်း တရားရုံးတွင် ပေါ်ပေါက်ခဲ့သော်လည်း တရားခံရှာမရသည့် အခြေအနေနှင့် ကြုံတွေ့နေရ ဆဲဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးအနေဖြင့် အမှုကို စောင့်ကြည့်နေဆဲဖြစ်သည်ဟု သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုထားသည်။

ဗစ်တိုးရီးယားလေး၏ လိင်အကြမ်းဖက်ခံရမှု စတင်ပေါ်ပေါက်ချိန်မှ စပြီး ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ပြည်သူလူထုကြားတွင် အမြင်မကြည် ဖြစ်ခဲ့သလို အောင်ကြီးကို လအတ်ပေးပြီးနောက်ပိုင်း ရဲတပ် ဖွဲ့မှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယား၏ ကိုယ်ရေးရာဇဝင်ကို ထုတ်ဖော် ပြောဆိုခဲ့သည့်အတွက် တရားစွဲရန် ကြိုးစားမှုများနှင့်လည်း ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required