NLD ပါတီဝင်တချို့ကို AA ရဲ့ဖမ်းဆီးမှုနဲ့ပက်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့် နှင့် တွေ့ဆုံမေးမြန်းခြင်း

NLD ပါတီဝင်တချို့ကို AA ရဲ့ဖမ်းဆီးမှုနဲ့ပက်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့် နှင့် တွေ့ဆုံမေးမြန်းခြင်း

ဖေဖော်ဝါရီ ၁၈  ။               ။ လက်ရှိအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင်အချို့  ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) ရဲ့ ဖမ်းဆီးခံရတာတွေ ၊ ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းသေဆုံးမှုတွေနဲ့ပက်သက်ပြီး ပါတီက ကာကွယ်ပေးနိုင်မှုမရှိဘူးဆိုတဲ့အပေါ်ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။  ဒီအပေါ်မှာ ပါတီရဲ့အမြင်နဲ့ ပါတီတွင်း လက်ရှိဆောင်ရွက်လုပ်ကိုင်နေမှုတွေကို သိရှိနိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို မဇ္ဈိမက သီးသန့်သွားရောက်မေးမြန်းထားမှုများထဲမှတချို့ကိုကောက်နှုတ် ဖော်ပြလိုက်ပါတယ်။

မေး။ ။ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ဆိုရင်လည်း ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) က ဖမ်းဆီးသွားတာတွေရှိတယ်။ ပါတီဝင်တစ်ချို့ကိုလည်း ဖမ်းဆီထားတာတွေရှိနေတယ်။ ကြားထဲက သေဆုံးသွားခဲ့တာတွေလည်းရှိနေတယ်။ ပါတီဝင်တွေဖမ်းဆီးခံရတဲ့ အပေါ်မှာ ပါတီက ဘာမှမလုပ်ဆောင်နိုင်ဘူးဆိုပြီး ဝေဖန်နေတာတွေရှိတယ်။ အဲဒီအပေါ် အန်ကယ်ရဲ့အမြင်ကို သိချင်ပါတယ်။
 

ဖြေ။ ။လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ပတ်သက်ရင် နိုင်ငံရေးပါတီတစ်ခုရဲ့ လုပ်ကိုင်နိုင်စွမ်းက အကန့်အသတ်ရှိပါတယ်။ ဒါနဲ့ ပတ်သက်ရင်လုပ်နိုင်တာက အုပ်ချုပ်ရေးအဖွဲ့တွေ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့တွေ ဒါကပဲ လုပ်နိုင်တာပါ။ အဲဒီနည်းလမ်းတွေကတစ်ဆင့် ကျွန်တော်တို့ကြိုးစားနေပါတယ်။ သို့သော်ပါတီအနေနဲ့က ဥပဒေ အကန့်အသတ်ရှိနေတဲ့အတွက် မလုပ်နိုင်ဘူး။ ဒါကတော့ ကျွန်တော်တို့ ပါတီဝင်တွေအားလုံးဟာ အာဏာရှင်စနစ်တုန်းကလည်း အမျိုးမျိုး ဥစ္စာပျက်ယွင်းတာ၊ မိသားစုပြိုကွဲတာ၊ အများကြီး ဂုဏ်သိက္ခာထိခိုက်တာ၊ ရှုံချစော်ကားခံရတာတွေအများကြီးရှိခဲ့ပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ နိုင်ငံရေးသတိနဲ့ လုပ်ဆောင်ရမှာပါ။ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးအခြေအနေ၊ လုံခြုံရေးအခြေအနေနဲ့ ပါတီဝင်တွေကို ထိရောက်တဲ့ဆောင်ရွက်မှုတွေ မလုပ်ဆောင်ပေးနိုင်ခဲ့တာတွေရှိပါတယ်။ ခုနကပြောသလိုပဲ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ လုံခြုံရေးအရ၊ တရားစီရင်ရေးအရ အာမခံချက်မပေးနိုင်တဲ့နေရာမှာ နိုင်ငံရေးသတိနဲ့ သွားလာလှုပ်ရှားကြဖို့ဖြစ်ပါတယ်။ ဒါကတော့ ဘယ်လိုလုပ်ပါ ဘယ်လိုကိုင်ပါဆိုတာကတော့ ဒေသခံတွေက ပိုသိပါတယ်။ လူကိုယ်တိုင်မသွားနိုင်ရင် စာနဲ့တစ်ဆင့်ဆက်သွယ်တာ အကြောင်းတစ်ခုခုနဲ့ဆက်သွယ်တာ ဒေသမှာကိုယ်ရဲ့ ယုံကြည်ရတဲ့ ပုဂ္ဂိုလ်နဲ့ ဆက်သွယ်တာ တစ်နည်းနည်းနဲ့ ဆက်သွယ်လို့ရတဲ့ နည်းတွေရှိပါတယ်။

မေး။ ။အရင်က NLD ပါတီနဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးဟာဝေးကွာနေတယ်။ နွေးထွေးမှုမရှိတော့ဘူးဆိုပြီးတော့ နှစ်ဖက်ပါတီဝင်တွေကြားမှာ ပြောဆိုနေကြတာတွေရှိတယ်။ အဲဒီအပေါ်လည်း သုံးသပ်ပေးပါဦးရှင့်။

ဖြေ။ ။ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားမဟာမိတ်ပါတီတွေအပေါ်မှာ အရင်လို နွေးထွေးမှုမရှိတော့ဘူးဆိုတဲ့ ဝေဖန်ချက်တွေကို ကျွန်တော်တို့သတိပြုမိပါတယ်။ ဒါတွေက မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့က ဒီမိုကရေစီဖက်ဒရယ်ပြောပြော၊ သူတို့က ဖက်ဒရယ်ဒီမိုကရေစီပြောပြော အဓိကက ဒီမိုကရေစီစံနှုန်းတွေနဲ့ ညီညွှတ်မယ်။ ဖက်ဒရယ်ရဲ့ အင်္ဂါရပ်တွေနဲ့ ညီညွှတ်တဲ့ပြည်ထောင်စု တစ်ခုတည်ထောင်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဘယ်တုန်းကမှ မသွေဖယ်ခဲ့ပါဘူး။ ဒါပေမယ့်လုပ်ထုံးလုပ်နည်းအရဆိုရင် လက်ရှိအချိန်မှာရှိနေတဲ့ လက်ရှိအခြေအနေကိုလည်းမေ့လို့မရပါဘူး။ ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲက လုပ်ဆောင်ရတဲ့အခါမှာ ကျွန်တော်တို့မှာ အကန့်အသတ်တွေရှိပါတယ်။ ဒီဟာကိုလောလောဆယ်အနေအထားအရ မကျေနပ်ဘူး၊ အားမရဘူးဆိုတာလည်း ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းသဘောပေါက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့သွားနေတာကို ယုံယုံကြည်ကြည်နဲ့ ဆွေးနွေးညှိနှိုင်းပြီး လိုက်ပါလာရင်တော့ ကျွန်တော်တို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စုမျိုးဖြစ်စေရမယ်လို့လည်း ကျွန်တော်တို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မကြာခဏမိန့်ခွန်းတွေထဲမှာထည့်သွင်းပြောကြားထားတာတွေမှာ တွေ့နိုင်ပါတယ်။ အခုလောလောဆယ်အခိုက်အတန့်မှာတော့ ကျွန်တော်တို့ကို ယုံကြည်ပါလို့ပဲ ပြောချင်ပါတယ်။ သို့သော်ကျွန်တော်တို့လုပ်ကိုင်နေရတဲ့ ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံပြုပြင် ဆောင်ရွက်တဲ့နေရာမှာ သူတို့က အကုန်လုံးလိုချင်တာကိုလည်း ကျွန်တော်တို့သဘောပေါက်ပါတယ်။ ကျွန်တော်တို့မှာ ၂၅ ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှန်းပြောင်းဖို့ကအစ တစ်ဆင့်ချင်းပြောင်းနေတယ်ဆိုတာကို သိစေချင်ပါတယ်။ ကျွန်တော်တို့ ပြောင်းလဲတဲ့အဆင့်တွေအောင်မြင်ရင် တိုင်းရင်းသားတွေအတွက် သူတို့ရဲ့ပြည်နယ်အတွက် လုပ်ပိုင်ခွင့်တွေကို တောင်းဆိုတဲ့နေရာမှာ ပိုလွယ်သွားမှာပါ။ ဥပဒေလမ်းကြောင်းကနေတောင်းဆိုဖို့ အခွင့်အလမ်းတွေပွင့်သွားမှာပါလို့ပြောချင်ပါတယ်။

မေး။ ။၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေ ပါတီအတွင်းမှာ ပြုလုပ်နေပြီလား။
 

ဖြေ။ ။ကျွန်တော်တို့ အဲဒါကို ဖြစ်နိုင်သမျှတော့ စောစောရွေးချင်ပါတယ်။ ကျွန်တော်တို့မှာလည်း အခက်အခဲတချို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ပါတီက ပြည်သူရဲ့ထောက်ခံမှုအများဆုံးရတယ်။ ဒီအခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ယှဉ်ပြိုင်မှုကအတော်ကို အားကြီးပါတယ်။ ပါတီတွင်းယှဉ်ပြိုင်မှုကတော်တော်အားကြီးပါတယ်။ စောစောရွေးလိုက်တဲ့အခါ ပါတီတွင်းယှဉ်ပြိုင်မှု အားကြီးပြီးတော့ စည်းလုံးမှုပြိုကွဲမလား။ ဒါကိုလည်းချိန်နေရပါတယ်။ နောက်တစ်ခုက ဘယ်သူကရွေးပေးမလဲ၊ သက်ဆိုင်ရာအလုပ်မှုဆောင်ကို အခြေခံမှာပါ။ သူတို့ကတင်လိုက်မယ် တင်လိုက်တဲ့အခါ ဘယ်လိုဆန်းစစ်မလဲ၊ ကျွန်တော်တို့ကတော့ မြို့မိမြို့ဖ ဆိုတဲ့စကားလုံးသုံးပါတယ်။ မြို့မိမြို့ဖဆိုရင် ရပ်ရွာကနေ အုပ်ချုပ်ရေးပိုင်းကအတည်ပြုထားတဲ့ မြို့မမြို့ဖမဟုတ်ပါဘူး။ ကျွန်တော်တို့ပါတီနဲ့ပဲဆိုင်တော့ ပါတီကို စဉ်ဆက်မပျက်ဝန်းရံခဲ့တဲ့ မြို့မိမြို့ဖ ဖြစ်မယ်။ သူ့ရဲ့ပါတီအပေါ်ထားခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှု အောင်နိုင်ရေးလှုပ်ရှားပေးခဲ့မှု ဒါတွေပေါ်အခြေခံပြီး သူတို့ကို ပြောဆိုပိုင်ခွင့်ပေးမယ်။ နောက်ဆုံးရပ်ကျေးတွေအထိပြောဆိုပိုင်ခွင့်ပေးမယ်။ ဒါကိုသေချာစဉ်းစားနေတာပါ။ ပေးပြန်တော့လည်းတစ်မျိုးအကျိုးရှိပါတယ်။ ကျွန်တော်တို့ ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့ထဲမှာပဲ တစ်ဘက်ရဲ့စိမ့်ဝင်မှုတွေရှိနေတယ်။ အဲဒီတော့သူတို့ကနေ သက်သက်အဖျက်အမှောင့် လုပ်နေတာ။ ဒါတွေကိုလည်းကျွန်တော်တို့ စဉ်းစားရမယ်။ ဒါပေမယ့် ၂၀၁၅ ထက်စာရင် ကျွန်တော်တို့မှာ အချိန်နည်းနည်းပိုရပါတယ်။ နောက်ပြီးတော့ကျွန်တော်တို့မှာ ၅နှစ်တာအတွေ့အကြုံရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရဝန်ကြီးတွေရှိပါတယ်။ သူတို့ရဲ့လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းတွေက ကျွန်တော်တို့အတွက်ရွေးချယ်ရာမှာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

မေး။ ။အဲဒါဆိုရင် ဘယ်အချိန်လောက်အပြီးသတ်ရွေးချယ်နိုင်မယ်ထင်သလဲ။

ဖြေ။ ။ဒါကတော့ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။ ရှင်းရှင်းပြောရမယ်ဆိုရင် တချို့ရွေးချယ်ပြီးထားပြီ ဆိုရင်တောင် ထုတ်ပြောလို့ မရသေးပါဘူး။

မေး။ ။အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်မှုက ပါတီတိုင်းမှာ နည်းနေတာရှိတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာရော အမျိုးသမီးကိုယ်စားလှယ်လောင်း ဘယ်လောက်အထိ ထည့်သွင်းသွားဖို့ရှိပါသလဲ။
ဖြေ။ ။ကျွန်တော်တို့ ခန့်မှန်းအားဖြင့်တော့ ၂၀ရာခိုင်နှုန်းလောက်ရှိတယ်လို့ ယေဘုယျတွက်ထားပါတယ်။ ဖြစ်နိုင်ရင်တော့ ၃၀ရာခိုင်နှုန်းလောက်တော့ရှိစေချင်ပါတယ်။ ကျွန်တော်တို့ပါတီရဲ့မူကတော့ လူငယ်၊ အမျိုးသမီးနဲ့ ဗမာမဟုတ်သောတိုင်းရင်းသားများကို အရည်အချင်းတူရင် ဦးစားပေးမယ်လို့ သတ်မှတ်ထားပါတယ်။ ဒီနေရာမှာအခက်အခဲရှိပါတယ်။ ဘာလို့လဲဆိုတော့ သက်ဆိုင်ရာအလုပ်အမှုဆောင် အဖွဲ့က စတင်ရွေးချယ်တဲ့အခါမှာ သူတို့အဖွဲ့ထဲမှာကိုက အမျိုးသမီးပါဝင်မှုနည်းတာပါ။ သူတို့အဖွဲ့ထဲက ရွေးကတည်းကိုက အမျိုးသမီးပါဝင်မှုကနည်းနေတာပါ။အဲဒီတော့ ကျွန်တော်တို့လောလောဆယ်တော့ရာခိုင်နှုန်းသတ်မှတ်ဖို့တော့ အစီအစဉ်မရှိသေးပါဘူး။ သို့သော်လည်းဦးစားပေးဖို့တော့ ထုတ်ပြန်ထားတာရှိပါတယ်။
 

မေး။ ။ပါတီကနေ လွှတ်တော်ကိုယ်စားလှယ်တွေကို ထိလွယ်ရှလွယ်တဲ့စကားတွေပြောခွင့်ပိတ်ထားတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။ အဲဒီအပေါ်လည်း သုံးသပ်ပေးပါဦး။

ဖြေ။ ။ကျွန်တော်တို့ စကားပြောခွင့် ပိတ်ထားတယ်ဆိုတာမမှန်ဘူးလို့ ပြောချင်ပါတယ်။ ပါတီရဲ့ ပုံရိပ်ကိုမထိခိုက်အောင်ဆောင်ရွက်ဖို့၊ မူဝါဒကို လူထုကြားမှာ မဝေဖန်ဖို့ ဒါကိုတော့ ကျွန်တော်တို့ စောင့်စည်းစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူဝါဒဆိုတာ ဗဟိုအလုပ်မှုဆောင်တစ်ဖွဲ့တည်းက ချမှတ်ထားတာမဟုတ်ပါဘူး။ ဗဟိုကော်မတီအဆင့်ဆင့်၊ အလုပ်အမှုဆောင်အဆင့်ဆင့်ကနေ အတည်ပြုပြီး အားနဲ့ အတည်ပြုထားတာပါ။ အဲဒါကို ကိုယ်ကမလိုက်နာနိုင်ရင် ကိုယ့်မှာတစ်သီးပုဂ္ဂလ အရည်အချင်းရှိရင် တစ်သီးပုဂ္ဂလဝင်ပြိုင်ပါ။ ကိုယ့်မှာ သီးခြားပါတီထောင်နိုင်တဲ့ အရည်အချင်းရှိရင် သီးခြားပါတီထောင်ကြပါ။ သို့သော်ပါတီထဲဝင်ပြီးရင်တော့ ပါတီရဲ့ မူဝါဒအတိုင်းနေကြပါ။ မူဝါဒနဲ့ အညီနေကြဖို့ လိုပါတယ်။ ဒါပေမယ့် မလုပ်နဲ့ မပြောနဲ့ဆိုပြီး ပိတ်ပင်ထားတာမရှိပါဘူး။

မေး။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီး ဝေဖန်သံတွေထွက်ပေါ်နေတာရှိပါတယ်။ ကော်မရှင်က လွတ်လပ်ပြီးတရားမျှတတဲ့ ကော်မရှင်မဟုတ်ဘူး။ NLD ပါတီနဲ့ ဆက်နွယ်တဲ့ ပုဂ္ဂိုလ်တွေကို ခန့်ထားတယ်ဆိုပြီးဝေဖန်နေတဲ့ အသံတွေထွက်နေတာလည်းရှိပါတယ်။ အဲဒီအပေါ်အမြင်ကိုလည်းသိချင်ပါတယ်။
 

ဖြေ။ ။ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ရင် ကျွန်တော်တို့ အခုကော်မရှင်က ယခင်ကော်မရှင်တွေထက် ပိုပြီးလွတ်လပ်တယ်။ ပွင့်လင်းတယ်ဆိုတာကို ကျွန်တော်ပြောရဲပါတယ်။ ဒီနေရာမှာ နှိုင်းယှဉ်ပြပါရစေ။ ပထမရွေး ကောက်ပွဲကော်မရှင်ရဲ့အကြီးအကဲဟာ နိုင်ငံတော်သမ္မတရဲ့ လက်ရင်းယုံကြည်ရတဲ့ ဒီနေ့ပါတီဖွဲ့ နောက်နေ့ ခေါင်းဆောင်ခန့်တာပါ။ ကျွန်တော်တို့ ခန့်ထားတဲ့သူတွေဟာ ယခင်ပါတီတုန်းက ခန့်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ လည်းအများအပြားပါဝင်ပါတယ်။ ဒီတစ်ချက်လေးကြည့်ရင်ကို သိပြီးသား။ ကျွန်တော်တို့ပြောနိုင်ပါတယ်။ ယခင်ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကာလနဲ့ ပတ်သက်လို့ ကြိုတင်မဲတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့လုပ် ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ဘက်လိုက်မှုတွေအများအပြားရှိခဲ့တယ်ဆိုတဲ့ တိုင်တန်းမှုတွေ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ရည်ရွယ်တာက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေဟာ ကျွန်တော်တို့ပါတီဘက်ကို လိုက်စရာမ လိုဘူး။ ဥပဒေနဲ့ အညီမျှမျှတတ ဘယ်သူမျက်နှာမှမထောက်ဘဲ လုပ်နိုင်တဲ့ ကော်မရှင်ဖြစ်ဖို့ ကျွန်တော်တို့ကြိုးစားပြီးလုပ်ထားတယ် လို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ ဆိုတာ ကျွန်တော်တို့ တာဝန်ပေး လိုက်တဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေပါ။ သို့သော်ကျွန်တော်တို့ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းပုံ ဥပဒေမှာကိုက လက်ရှိအာဏာရအဖွဲ့အစည်း၊ အာဏာရပါ တီကို ခန့်အပ်ခွင့် ပေးထား ပါတယ်။ ဒါဆိုရင်တော့ ခန့်အပ်လိုက်တဲ့ အဖွဲ့အစည်းက ခန့်အပ်လိုက်တဲ့ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းကို အာဏာသက်ရောက်မှုရှိတယ်။ လွှမ်းမိုးမှုရှိတယ်လို့ ဝေဖန်ကြရင်လည်း ခံရမှာပါဘဲ။ ဥပဒေမဲ့ လွှမ်းမိုးဆောင် ရွက်မှုမရှိဘူး ဆိုတော့ အခုအခြေအနေအရတော့ တရားမျှတမှုရှိတယ်လို့ ပြောလို့ရပါတယ်။

ကျွန်တော်တို့က ဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်ဘယ်လိုရွေးကောက်ပွဲပဲဖြစ်ဖြစ် အထွေထွေရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲအလေးအနက်ထားပါတယ်။ ဒါပြည်သူရဲ့ဆန္ဒကို အလေးအနက်ထားတဲ့ ပြည်သူလူထုနဲ့ အနီးစပ်ဆုံးလုပ်ငန်းစဉ်ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ရွေးကောက်ပွဲနိုင်ရုံလေးဆိုတဲ့ တစ်ပွဲတိုးရည်မှန်းချက်ဘယ်တော့မှ မထားပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ အာမခံနိုင်တာက ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကျန်တဲ့နိုင်ငံရေးပါတီတွေ အားလုံးနဲ့ လွတ်လပ်စွာ၊တရားမျှတစွာယှဉ်ပြိုင်သွားမှာပါ။ ဘယ်ပါတီကိုမှ ပုဂ္ဂိုလ်ရေးအရ၊ နိုင်ငံရေးအရ၊ ထိုးနှက်တိုက်ခိုက်တာ နစ်နာစေမယ့်ပြုမှု ဆောင်ရွက်မှုတွေ လုံးဝလုပ်ဆောင်မှာမဟုတ်ဘူးဆိုတာပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ရွေးကောက်ပွဲအောင်နိုင်ရေးကိုအလေးထားလို့မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ပန်းတိုင်က မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးစနစ် ကောင်းဖြစ်  ဖို့က ကျွန်တော်တို့ရဲ့ ပန်းတိုင်ဖြစ်လို့ပါ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly