မှန်ကန်သည့် လေထုအရည်အသွေး တိုင်းတာမှု အချက်အလက်များ ပြည်သူလူထု ရရှိရန်လိုအပ်

မှန်ကန်သည့် လေထုအရည်အသွေး တိုင်းတာမှု အချက်အလက်များ ပြည်သူလူထု ရရှိရန်လိုအပ်
ပုံ- LE VIF (ဘ လော့စ်)  ကားများက  ထွက်လာသော အိတ်ဇောငွေ့များက လေထုညစ်ညမ်းမှုကို ဖြစ်စေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇။         ။ ကားမှ ထွက်သော ဖုန်မှုန့်နှင့် အငွေ့များ၊ စက်ရုံ အလုပ်ရုံများနှင့် အမှိုက်သစ်ရွက် ခြောက်များကို မီးရှို့ရာမှ ထွက်သော မီးခိုးငွေ့များ အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် ရန်ကုန်မြို့၏ လေထုညစ်ညမ်းနေမှုအပေါ် ပညာရှင်များ၊ အဖွဲ့အစည်း များ သာမက လူထုကြားတွင်လည်း စိုးရိမ်မှုများ ရှိနေသည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် လေထု အရည်အသွေးနှင့်ပတ်သက်ပြီး မှန်ကန်တိကျသော သတင်းအချက်အလက်များ ရရှိရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင်ပညာရှင် ဒေါ်ဒေဝီသန့်စင်က ပြောသည်။

“လေထု အရည်အသွေးက ဒီဘက် ၂၁ ရာစုလောက်မှ တော်တော် ဆိုးဆိုးဝါးဝါး တိုင်းပြည်တိုင်းကို ဖြစ်သွားတာလေ။ ဒီအချိန်က အရမ်း အရေးကြီး နေတယ်လေ။ အခုတောင်မှ တိုင်းတာတွေက တစ်မျိုးစီ ဖြစ်နေတယ်။ လူတွေကလည်း အခု လေထု ညစ်ညမ်းမှုကြောင့် ရောဂါတွေ ကမ္ဘာနဲ့ တစ်ဝန်း ခံနေရတာမျိုး ဖြစ်နေချိန်မှာ ဒေါ်လေးတို့က တိတိကျကျ၊ တကယ် လေ့လာထားတဲ့ ပညာရှင်တွေစကားကို ပြည်သူထဲ ရောက်စေချင်တယ်။ အခုအချိန်က အရေးကြီးလို့ပါ” ဟု ပြောသည်။

ရန်ကုန်မြို့၏ လေထု အရည်အသွေးကို အစိုးရဘက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတို့က တိုင်းတာပြီး တရားဝင် ထုတ်ပြန်ပေးနေ သကဲ့သို့  Air Quality Yangon၊ အမေရိကန်သံရုံး၊ စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ဂျာမနီနိုင်ငံ အခြေစိုက် Heinrich Boll Stiftung စသည့် အဖွဲ့အစည်းများကလည်း တိုင်းတာ၍ ထုတ်ပြန် ပေးလျက်ရှိသည်။

ပုဂ္ဂလိကမှ တိုင်းတာ ထုတ်ပြန်မှုများတွင် ရန်ကုန်မြို့သည်  ကားအသုံးပြုချိန်များသော ရုံးတက်၊ ရုံးဆင်းချိန် နံနက်ပိုင်းနှင့် ညဦးပိုင်းတွင် လေထု ညစ်ညမ်းမှု အဆိုးဆုံးဖြစ်ပြီး လေအရည်အသွေးအညွှန်းကိန်း(AQI) တန်ဖိုး ၁၀၀ ကျော်၊ ၂၀၀ နီးပါး ရှိနေသော်လည်း မိုးဇလက ၂၄ နာရီ တိုင်းတာပြီး နေ့အလိုက် ထုတ်ပြန်သော AQI တန်ဖိုးမှာ ၁၀၀ အောက်သာ ရှိနေ သည်။

AQI တန်ဖိုး ၁၀၀ ကျော်လျှင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါ ရှိသူများ၊ သက်ကြီးရွယ်အို များနှင့် ကလေးသူငယ်များ၏ ကျန်းမာရေးအတွက် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း မိုးဇလ ထုတ်ပြန် ချက်မှာ ဖော်ပြ ပါရှိသည်။

လတ်တလော ရန်ကုန်မြို့၏ လေထု ညစ်ညမ်းမှု ပမာဏ မြင့်တက်လျက်ရှိပြီး ဖေဖော်ဝါရီလ ၁၁ ရက်တွင် လေအရည် အသွေးအညွှန်းကိန်း AQI တန်ဖိုး ၉၅ အထိ မြင့်တက်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

အပူချိန် မြင့်မားသော ကာလများတွင် လေထု ကျုံ့သွားလေ့ရှိပြီး ထိုသို့ လေထုကျုံ့သွားသည့်အခါ လေထု ညစ်ညမ်းမှု ပမာဏ မြင့်တက်လေ့ ရှိကြောင်းလည်း ပညာရှင်များက ပြောထားသည်။

မှန်ကန်သော လေထု၏ အခြေအနေကို သိရှိရန် အနည်းဆုံး ၂၄ နာရီ တိုင်းတာရမည်ဖြစ်ပြီး အစိုးရ ထုတ်ပြန်ချက်များက အမှန်ဆုံးဖြစ်သည်ဟု YCDC ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးချိုထွန်း အောင်က ပြောသည်။

 

ပုံ - APချင်းမိုင်မြို့ လေထု ညစ်ညမ်းစဉ်က မျက်နှာစည်းများကို တပ်ကာ အကာအကွယ်ယူထားသော နိုင်ငံခြားသားများ

“လေထု ညစ်ညမ်းမှုကို တိုင်းတဲ့အခါမှာ နေရာ တစ်နေရာတည်းကို ကွက်ပြီးတိုင်းလို့ မရပါဘူး။ ရန်ကုန်မြို့မှာရှိတဲ့ နေရာ တွေကို ဖြန့်ကျက်ပြီး တိုင်းရမှာ ဖြစ်ပါတယ်။ နောက် နေ့တစ်နေ့မှာ အပူဆုံး အချိန်ရှိပါတယ်။ အဲ့ဒီ အချိန်တစ်ခုတည်းကို တိုင်းလို့မရပါဘူး။ ၂၄ နာရီ ပုံမှန်တိုင်း နေရပါမယ်။ အဲ့ဒါတွေကို ခြုံငုံပြီးတော့မှ သူ့ရဲ့ဒေတာအမှန်ကို ထုတ်လို့ရမှာ ဖြစ်ပါ တယ်။ တရားဝင် နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အမှန်ဆုံးလို့ ယူဆရမှာပါ” ဟု ၎င်းက ပြော သည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပြုလုပ်သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အထက်ပါ အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

လေထုအရည်အသွေးနှင့် ပတ်သက်ပြီး သုတေသန တိုင်းတာမှုများ ပြုလုပ်ခဲ့သော ရန်ကုန်တက္ကသိုလ်၊ ရူပဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ နွယ်နီခင်(အငြိမ်းစား)က “ကျွန်မတို့ သုတေသန လုပ်တုန်းကတော့ ၂၄ နာရီ တိုင်းတာပါ။ ၂၄ နာရီလုံး တိုင်းရပါတယ်၊ ခဏလေးတိုင်းလို့ မရပါဘူး။ ဘယ်လိုမျိုးတွေ ဖြစ်လာနိုင်လဲဆိုတော့ သူ့ရဲ့ လုပ်ထုံးလုပ်နည်းကိုက လေထုက ငြိမ်နေတာ မဟုတ်ဘူးလေ။ အချိန်တိုင်း လေကရွေ့နေတာ။ ဆိုတော့ တကယ့် အခြေအနေကို လိုချင်တယ်ဆို ရင်တော့ ခဏတဖြုတ် တိုင်းလို့ မရဘူး၊၂၄ နာရီတိုင်းမှ တိကျတယ်ပေါ့။ နောက်ပြီး တစ်နေရာတည်းကို တိုင်းပြီး ရန်ကုန် မြို့၊ လေထု အခြေအနေဆိုပြီး ပြောလို့မရပါဘူး” ဟု ပြောသည်။

ကမ္ဘာ့နိုင်ငံ အများအပြားတွင် သာမက အိမ်နီးချင်း နိုင်ငံများတွင်လည်း လေထုညစ်ညမ်းမှု ပြဿနာကို ရင်ဆိုင် နေရသော ကြောင့် မြန်မာနိုင်ငံတွင်လည်း လေထု အရည်အသွေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် တိုင်းတာ မှုများ ပြုလုပ်သင့် နေပြီဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်၊ ရူပဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ နွယ်နီခင်(အငြိမ်းစား)က ပြောသည်။

“ကျွန်မတို့ ဟိုတုန်းကတည်းက ပြောလာတာ တိုင်းသင့်နေပြီလေ။ နေရာတိုင်းမှာ တိုင်းရမှာ၊ အခုဟာက မနိုင်ဘူးပေါ့နော်၊ ငွေကြေးလည်း မတတ်နိုင်ဘူး၊ လူအားလည်း မနိုင်ဘူး။ မြန်မာ တစ်ပြည်လုံးမှာ တိုင်းမှ မြန်မာပြည်ရဲ့ လေထု အခြေအနေ ကို သိရမှာ၊ အခုကတော့ ရန်ကုန်ဆိုရင်လည်း YCDC တစ်ခုတည်းက လုပ်တယ်ဆိုရင် သူ့ပစ္စည်းလေးနဲ့ သူ့ဝန်ထမ်း အားနဲ့ပဲ လိုက်တိုင်း နေရတာပေါ့” ၎င်းက ပြောသည်။

ရန်ကုန်မြို့က နေရာ ၄၇ ခုတွင် လေထု အရည်အသွေး တိုင်းတာရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ရန်ကုန် မြို့တော်စည်ပင်တို့  ပူးပေါင်းပြုလုပ်ရန် စီစဉ်နေကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က စည်ပင်သတင်းစာ ရှင်းလင်းပွဲမှ ပြော သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required