တိုင်ကြားစာ၏ ၁၀ရာခိုင်နှုန်းအား အရေးယူပြီးပြီဟု NLD ပြော

တိုင်ကြားစာ၏ ၁၀ရာခိုင်နှုန်းအား အရေးယူပြီးပြီဟု NLD ပြော

ဖေဖော်ဝါရီ ၁၈။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များကို တိုင်ကြားသည့် စာများထဲက ၁၀ရာခိုင်နှုန်းကို အရေးယူပြီးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင် ကြားစာစိစစ်ရေးကော်မတီ ဥက္ကဋ္ဌဒေါက်တာမျိုးညွန်ကပြောသည်။

“ တိုင်ကြားစာ ၅၀၀ထဲက ၄၅၀ကို စိစစ်ပြီးပါပြီ။ ဒီထဲက ၁၀ရာခိုင်နှုန်းကို အရေးယူပြီးပါပြီ။” ဟု ဒေါက်တာမျိုးညွှန့်က ဆိုသည်။

သည်လို တိုင်ကြားရာတွင် ပါတီဝင်အချင်းချင်းတိုင်ကြားမှုက အများဆုံးဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ခြင်း၊ ရပ်ကွက်အတွင်းကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ရာမှာ သက်ဆိုင်ရာရပ် ကျေးပါတီဝင်များကို ခေါ်ယူမှုမပြုခြင်းများကြောင့် တိုင်ကြားမှုများပါဝင်သည်။ ရပ်ကွက်နေပြည်သူများက တိုင်ကြားရာတွင် ဖွံ့ဖြိုးရေးရန်ပုံငွေ ချမပေးမှုကြောင့် တိုင်ကြားကြပြီး အဂတိလှိုက်စားမှု ခေါင်းစဉ်ဖြင့် တိုင်ကြား မှုများလည်း ရှိကြောင်းသိရသည်။

အဂတိလိုက်စားမှုဖြင့်တိုင်ကြားခံရလျှင် လွှတ်တော်ကိုယ်စားလှယ် သာမက လွှတ်တော်ကိုယ်စားလှယ်နှင့် နီးစပ်သည့် သူများ၏ အဂတိလှိုက်စားမှုကို ထည့်သွင်းစဉ်းစားကြောင်း ၎င်းကဆိုသည်။

တိုင်ကြားစာများကို အရေးယူရာတွင် နှုတ်ဖြင့်ခေါ်ယူသတိပေးခြင်း၊စာဖြင့်ခံဝန်ထိုးခိုင်းခြင်း၊ ပါတီတာဝန် ၆လရပ်ဆိုင်းခြင်း၊ ပါတီတာဝန်ရပ်ဆိုင်းခြင်းနှင့်ပါတီကထုတ်ပယ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေါက်တာမျိုးညွှန် က ဆိုသည်။ တိုင်ကြားစာများထဲတွင်အရေးယူသည့်အမှုများရှိသလို ပယ်လိုက်ရသည့်စာများနှင့်အမှုပိတ်လိုက်ရသည့်တိုင်ကြားစာများလည်းရှိသည်။

ဒေါက်တာမျိုးညွန့်က “ဒီထဲက စည်းကမ်းချက်နဲ့ မကိုက်ညီတဲ့ ဟာတွေ၊ ဥပမာ တိုင်ကြားစာမှာ လက်မှတ်မပါရင်ပယ်တယ်။ နောက်ဆက်သွယ်လို့ မရတာတွေ၊ သက်ဆိုင်ရာပါတီ အလုပ်မှုဆောင်အဖွဲ့တွေ အဆင့်ဆင့်ချိတ် ဆက်ဆောင်ရွက်တဲ့အခါမှာ ဖော်ပြထားတဲ့ လိပ်စာအတိုင်း တိုင်ကြားတဲ့သူကရှိမနေတာ၊ဒါဆိုရင်တော့ ကျွန်တော်တို့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ တိုင်ကြားသူက လိပ်စာအတိုင်းမနေထိုင် ကြောင်း လက်မှတ်ကို ပါတီဝင်တွေကိုယူခိုင်းလိုက်ပြီး အမှုကို ပိတ်လိုက်ပါတယ်။” ဟု ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များအားတိုင်ကြားမှုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို တိုင်ကြားမှုက အများဆုံးဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို တိုင်ကြားမှုက ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးက ပါတီတွင်းတိုင်ကြားမှုအများဆုံးဖြစ်ပြီး ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းများကလည်း တိုင်ကြားမှုများကြောင်း သိရသည်။

ပြီးခဲ့သည့်လပိုင်းက ကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပါတီတာဝန်မှရပ်ဆိုင်းခဲ့သည်များရှိခဲ့သည်။

တိုင်ကြားစာစိစစ်ရေး ကော်မတီစတင်ဖွဲ့စည်းသည့် ၂၀၁၇ခုနှစ်မှ ယခုအထိ တိုင်ကြားစာ တစ်ထောင်ကျော်ထဲမှ ကော်မတီမှလက်ခံစီစစ်ရန် စည်းကမ်းချက်နှင့် ကိုက်ညီသည့် တိုင်ကြားစာ ၅၀၀ခန့်ကိုသာ ရရှိခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly