မြန်မာနိုင်ငံတွင် ပထမဆုံးစတိုးဆိုင်ဖွင့်ရန် Siam Makro စိတ်အားထက်သန်နေ

မြန်မာနိုင်ငံတွင် ပထမဆုံးစတိုးဆိုင်ဖွင့်ရန် Siam Makro စိတ်အားထက်သန်နေ

ဘန်ကောက်၊ အောက်တိုဘာ-၃၀ ။            ။ ချာရိုအင် ပေါ့ဖန်အုပ်စုလက်အောက်ရှိ မာကရို ငွေသားလက်ငင်းရှင်း ပစ္စည်းယူစတိုးဆိုင်များကို လည်ပတ်နေသည့် Siam Makro Plc က မဝေးလှသည့်အနာဂတ်တွင် ၎င်း၏ လက်လီအရောင်းဆိုင်လုပ်ငန်းကို မြန်မာနိုင်ငံတွင် ချဲ့ထွင်လိုနေသည်။

အမှုဆောင်အရာရှိချုပ် ဆူချာဒါ အစ်သီဂျာရူကာက ယမန်နေ့က ပြောကြားချက်အရ မြန်မာနိုင်ငံတွင် ဈေးကွက်အခွင့်အလမ်းများကို စူးစမ်းလေ့လာရန်အတွက် ၎င်း၏ကုမ္ပဏီက ရန်ကုန်တွင် ထိုင်းသံအမတ်နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

‘မာကရိဈေးကွက် အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံ အတော်များများမှာ ဖြစ်နိုင်ခြေပြုလုပ်ခဲ့ရာမှာ မြန်မာ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ဦးစားပေး ဈေးကွက်တွေအနေနဲ့ စဉ်းစားခဲ့ကြပါတယ်’’ဟု သူမက ပြောကြားခဲ့သည်။

ယခုလက်ရှိတွင် Siam Makro က မြန်မာစားသုံးသူများ၏ စရိုက်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေများကို လေ့လာလျှက်ရှိပြီး လုပ်ထုံးလုပ်နည်းများ ရှင်းလင်းသွားပါက ပထမဆုံးစတိုးဆိုင်ကို ချက်ချင်းဖွင့်လှစ်ရန် အဆင်သင့်ရှိနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး စတိုးဆိုင်တန်းများ၏ ပိုင်ရှင်ဖြစ်သော ABCအုပ်စုမှ အမှုဆောင်အရာရှိတစ်ဦး၏ ပြောကြားချက်အရ ယခုအချိန်အထိ  မြန်မာအစိုးရက  နိုင်ငံခြားလက်လီ အရောင်းဆိုင်များကို သူတို့ကိုယ်တိုင် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုခြင်းမရှိခဲ့ဟု ဆိုသည်။

လာမည့်နှစ်တွင် စူပါမားကတ်နှင့် ဟိုက်ပါမားကတ်များတွင် နိုင်ငံခြားသားများကို ရင်းနှီးမြှုပ်နှံခွင့်ပြုထားသော်လည်း ၎င်းတို့အနေဖြင့် မြန်မာကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်း ဖွဲ့စည်းရမည်ဖြစ်သည်။

‘မြန်မာနိုင်ငံမှာ လက်လီဈေးကွက်အခင်းအကျင်းဟာ အကြီးအကျယ် ပြောင်းလဲနေပြီး မဝေးလှတဲ့အနာဂတ်မှာ လက်လီပလာဇာအသစ်ကို ဖြည်းဖြည်းချင်း ဖွင့်နိုင်လာလိမ့်မယ်’’ဟု ရန်ကုန်ရှိ ထိုင်းသံရုံးမှ ကောင်စစ်ဝန် ဝီချိုင်း ကန်ရာဟွန်းက ပြောကြားခဲ့သည်။

ထုတ်ကုန်များ၏ ၈၀ရာခိုင်နှုန်းကို ထိုင်းအပါအဝင် ပြည်ပနိုင်ငံများမှ တင်သွင်းနေရသည်။

မစ္စစ်ဆူချာဒါကမူ စတိုင်းဆိုင်ပုံစံ အမျိုးမျိုးရှိသည့် မာကရို၏ စီးပွားရေးဖောမတ်က မည်သည့်နေရာတွင်မဆို ဆိုင်ဖွင့်ရန် အဆင်ပြေစေသည်ဟု ဆိုသည်။
‘မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း စည်ပင်ဖွံ့ဖြိုးလာတာကလည်း မာကရိုအတွက် အခွင့်အလမ်းတစ်ခုပါပဲ’’ဟု သူမက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required