ပါကစ္စတန်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံး

ပါကစ္စတန်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံး

ဖေဖော်ဝါရီ ၁၈ ။               ။ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖေဖော်ဝါရီ ၁၇ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် ရဲနှစ်ဦးအပါအဝင် အနည်းဆုံး လူ ရှစ်ဦး သေပြီး လူအများအပြား ထိ ခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီ အသေခံတိုက်ခိုက်မှု ဖြစ်စဉ်ကတော့ ဘာလူချစ်စတန်ပြည်နယ် ကွက်တာမြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးဖြစ်တဲ့ အဗ္ဘဒူလ် ရာဇက် ချီးမားက အေအက်ဖ်ပီကို ပြောပါတယ်။

လူငယ်အရွယ် အသေခံဗုံးခွဲသမားဟာ ဘာသာရေး စုဝေးပွဲ အခမ်းအနားတစ်ခု ကျင်းပနေတဲ့ နေရာကို ဝင်ဖို့ ကြိုးစားခဲ့စဉ်မှာပဲ ၎င်းကို လုံခြုံရေးဂိတ်မှာ ရဲတွေက တားဆီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

“ ရဲတွေက သူ့ကို ရှာဖွေမှုတွေ လုပ်ချိန်မှာပဲ သူက အသေခံဗုံးခွဲသွားခဲ့တာပါ၊ အဲဒီမှာ ရဲနှစ်ယောက်အပါအဝင် လူ ရှစ်ယောက် သေပါတယ်၊ အခြား ၂၃ ယောက်လည်း ဒဏ်ရာရသွားခဲ့ပါတယ်” လို့ ချီးမားက ပြောသွားပါတယ်။

လက်တလောအချိန်အထိတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ တာဝန်ခံ ထုတ်ဖော်ခြင်း မရှိသေးပါဘူး။

ဒါဟာ ကုလအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ယင်းနိုင်ငံမှာ ရောက်ရှိနေတာနဲ့ တိုက်ဆိုင်ပြီး ဒီတိုက်ခိုက်မှု ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly