ကျပ်သန်းနှစ်ထောင်ကျော်ခန့် အကုန်ကျခံ ဆောက်လုပ်မည့် ရန်ကုန်မြို့၏ ပထမဆုံးသော မြေအောက်လူကူးစင်္ကြန်လမ်း

ကျပ်သန်းနှစ်ထောင်ကျော်ခန့် အကုန်ကျခံ ဆောက်လုပ်မည့် ရန်ကုန်မြို့၏ ပထမဆုံးသော မြေအောက်လူကူးစင်္ကြန်လမ်း

ဖေဖော်ဝါရီ ၁၇ ။                    ။ ရန်ကုန်မြို့၏ ပထမဆုံးဖြစ်သည့် မြေအောက်လူကူးစင်္ကြန်လမ်း(Under Pass)အား ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း TTC နှင့်  ပြည်လမ်းတစ်ဖက်ရှိ Junction squareသို့ ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် ဆောက်လုပ်မည်ဖြစ်ကာ မြေဖို့ မြေညှိသည့်လုပ်ငန်းများအား စတင်လုပ်ဆောင်နေသည်မှာ တစ်လခွဲခန့်ရှိနေပြီဖြစ်သည်။

မြေအောက်လူကူးစင်္ကြန်လမ်းအား ခန့်မှန်းခြေ ကျပ်သန်းနှစ်ထောင်ကျော်ခန့် အကုန်ကျခံဆောက်လုပ်မည်ဖြစ်၍ လမ်းအရှည် ၇၇ပေ နှင့် အမြင့် ၁၀ပေ အထိရှိကြောင်းသိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် (၇) ဦးဝင်းမြင့်သန်းက"အသုံးပြုငွေကတော့ ၂.၁၅ဘီလီယံ လောက်ဖြစ်ပါတယ်။ နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် ဒီ under passနဲ့ပတ် သက်ပြီးတော့ ဘယ်သူကလုပ်နေလဲဆိုရင် ကျွန်တော်တို့ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကပဲ ဦးစီးဦးဆောင်ပြီးလုပ်နေတာပါ"ဟု ဆိုသည်။

ထိုလမ်းအား ယခင်က လူကူးခုံးကျော်တံတားဆောက်ရန် လျာထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဆောက်ဖြစ်ခဲ့ကြောင်းနှင့် မြေအောက်လူကူးလမ်းတည်ဆောက်ရန်အတွက် ၂၀၁၆ ခုနှစ်က နေ ၂၀၁၈ ခုနှစ်အထိ ၃နှစ်ဆက်တိုက်  အဆိုတင်သွင်းခဲ့သော်လည်း ယခုမှ အကောင်အထည်ဖော်ဖြစ်ခြင်းဖြစ်သည်ဟု ကမာရွတ်မြို့နယ် မဲဆန္ဒနယ်(၁)မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းကပြောသည်။

ကမာရွတ်မြို့နယ် မဲဆန္ဒနယ်(၁)မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက"ပညာရေးတက္ကသိုလ်မှာတက်တဲ့ကလေးတွေ လမ်းဖြတ်ကူးတာ အန္တရာယ်များတယ်။ မနက်ပိုင်းရော ကျောင်းဆင်းတဲ့အချိန်ရော ရဲအကူအညီယူရတယ်"ဟု ပြောသည်။

မြေအောက်စင်္ကြန်လမ်းတွင် မသန်စွမ်းများပါသွားလာနိုင်အောင်ဆောက်လုပ်မည်ဖြစ်ကာ ဈေးဆိုင်ခန်းများပါရှိမည်ဟု သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် (၇) ဦးဝင်းမြင့်သန်းက"ကျွန်တော်တို့မြေအောက်မှာ ဈေးဆိုင်ခန်းတွေမပါဘူးဆိုရင် ဘာပြဿနာဖြစ်လာမလဲဆိုတော့ အညစ်အကြေး စွန့်တာ တို့ မဟုတ်တာလုပ်တာတို့ ကျွန်တော်တို့ဒါတွကို တွေ့ကြုံလာရပြီးဖြစ်ပါတယ်။ အဲ့တော့ ဒီလိုမဖြစ်ရအောင် လုံခြုံရေးစနစ်နဲ့ကောင်းမွန်စေဖို့ အဲ့ထဲမှာ ဆိုင်ခန်းတွေကို ထည့်ထားပါတယ်။ နောက် ဟိုဘက်ဒီ ဘက်မှာ မသန်စွမ်းတွေသွားလို့ရအောင် ကျွန်တော်တို့ထည့်ထားပါတယ်။ ဒါကတော့ လမ်းကူးတဲ့အခါမှာ မသန်စွမ်းတွေကတော့ လမ်းကူးတဲ့အခါမှာသိပ်ပြီးတော့အဆင်မပြေဘူး။ ဒီunder passဖြစ် သွား တဲ့အခါမှာ လူကောင်းတွေအတွက်တင်မဟုတ်ပါဘူး ဒီမသန်စွမ်းတွေကလည်း အလွယ်တကူသွားနိုင်မှာဖြစ်ပါတယ်" ဟု ဆိုသည်။

ယခုကဲ့သို့ မြေအောက်လူကူးစင်္ကြန်လမ်းဆောက်လုပ်ခြင်းအားဖြင့် ယာဉ်ကြောပိတ်ဆို့မှု လျော့သွားမည်ဖြစ်သောကြောင့်ယခုနှစ်( ၂၀၂၀ ခုနှစ်)အတွင်း အပြီးတည်ဆောက်ရန် လျာထားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required