ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုနှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှု ထိခိုက်နိုင်ဟု IMF အကြီးအကဲ ပြော

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုနှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှု ထိခိုက်နိုင်ဟု IMF အကြီးအကဲ ပြော

ဖေဖော်ဝါရီ ၁၇ ။           ။ ကိုရိုနာဗိုင်းရပ်စ်သစ် ( COVID-19 ) ဖြစ်ပွားမှုကြောင့် ယခုနှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှုပိုင်းမှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အကြီးအကဲ ခရစ္စတယ်လီနာ ဂျော့ဂျီဗာက ပြောကြားလိုက်ပါတယ်။

ဒါပေမယ့်လည်း လျင်မြန်တဲ့ စီးပွားရေး ပြန်လည်ဦးမော့မှုအခြေအနေတစ်ခုလည်း နောက်ကနေ လိုက်လာနိုင်ကြောင်း ၎င်းက ပြောဆိုသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်က ဒူဘိုင်းမြို့မှာ ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီး ဖိုရမ်တစ်ခုမှာ IMF အကြီးအကဲက အထက်ပါအတိုင်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။

“ စီးပွားရေး တိုးတက်မှုပိုင်းမှာ ထိခိုက်လျော့ကျမှုတွေ ရှိကောင်းရှိလာနိုင်ပါတယ်၊ ထိခိုက်နိုင်မှုနှုန်းက ၀ ဒသမ ၁ နဲ့ ၀ ဒသမ ၂ ရာခိုင်နှုန်းအကြား ပမာဏလောက် ရှိမယ်လို့ ကျွန်မတို့ တွက်ဆထားပါတယ်” လို့ IMF ရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဂျော့ဂျီဗာက ပြောသွားပါတယ်။

လက်ရှိ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကနေ ဖြစ်လာမယ့် သက်ရောက်မှုအတိုင်းအတာ အပြည့်အဝ ဘယ်လောက်ရှိမယ် ဆိုတာကတော့ ယင်း ဗိုင်းရပ်စ်ဖြစ်ပွားမှုကို ဘယ်လောက် မြန်မြန် ထိန်းချုပ်နိုင်မလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်နေလိမ့်မယ်လို့လည်း သူမက ပြောသွားခဲ့ပါတယ်။

လက်ရှိအချိန်အထိတော့ တရုတ်မှာ အဓိက ဖြစ်ပွားနေတဲ့ အဆိုပါ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၁,၇၇၀ အထိ ရှိနေပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly