ဗီယက်နမ်၌ ပထမဆုံးအကြိမ် အိမ်မွေးကြောင်ပြပွဲကျင်းပ

ဗီယက်နမ်၌ ပထမဆုံးအကြိမ် အိမ်မွေးကြောင်ပြပွဲကျင်းပ

ဖေဖော်ဝါရီ ၁၇ ။                ။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌  ပထမဦးဆုံးအကြိမ်အဖြစ် အိမ်မွေးကြောင်ပြပွဲကို ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့ပြီး ကြောင်ပိုင်ရှင် ၄၀ ဦးက ကြောင်အကောင်ရေ ၆၀ ကျော် ပြသကာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထိုပြပွဲကို ကမ္ဘာ့ကြောင်ချစ်သူများအဖွဲ့ ချုပ်(World Cat Federation) က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပါရှန်းကြောင်မှ ဗြိတိန်အမွေးတိုကြောင်၊ ကြောင်ကြီးမျိုးဝင် မိန်းကွန်းကြောင် အထိ ကြောင်အမျိုးအစားများစွာ ပြသခဲ့ကြသည်။

အဆိုပါပြပွဲသည် ကြောင်များအပေါ်ထားရှိသည့် ကြောင်ပိုင်ရှင်များ၏ မေတ္တာနှင့် ဂရုစိုက်မှုကို ပြသသည့် ပွဲတစ်ပွဲဖြစ်ကြောင်း ဗီယက်နမ်ကြောင်ချစ်သူများအသင်း၏ ဒုတိယဥက္ကဋ္ဌ Le Duy Anh က ပြောသည်။

ပြပွဲ၌ အကဲဖြတ်ဒိုင်များက ကြောင်၏အမွေး၊ အမြီး၊ အလှအပနှင့် အပြုအမူတုံ့ပြန်ပုံများကို ကြည့်ရှုကြသည့်အပြင် ပိုင်ရှင်က ၎င်းတို့ကို မည်မျှဂရုစိုက်ကြောင်းကိုပါ အကဲဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ကြောင်ပြပွဲမှာ ပါဝင်ခဲ့သူအားလုံးက ဆုလိုချင်လို့လာကြတာမဟုတ်ပါဘူး၊ လှပတဲ့ကြောင်လေးတွေကြည့်ဖို့နဲ့ သူတို့ကြောင်တွေရဲ့ အားသာချက် အားနည်းချက်တွေအကြောင်း အကဲဖြတ်ဒိုင်တွေပြောတာ ကြားချင်လို့ လာခဲ့ကြတာပါ၊ နောင်လည်း ဒီလိုပွဲတွေ ဆက်ပြီးကျင်းပသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပါဝင်ဆင်နွှဲခဲ့သူတစ်ဦးဖြစ်သည့် Thi Phuong က ပြောသည်။

ပြပွဲ၌ ကြောင်ကလေးနှင့်အရွယ်ရောက်ကြောင်အပါအဝင် အကောင်းဆုံးကြောင် ၁၀ ကောင်ကို ဆုများပေးအပ်ခဲ့ပြီး ပထမဆုကို အမေရိကန်ဒေါ်လာ ၄၃၀ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် နိုင်ငံအများ၌ ပွဲလမ်းသဘင်များ ဆိုင်းငံ့ထားသည့်ကြားမှ ဗီယက်နမ်သည် ကြောင်အလှပြပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ပွဲလာရောက်သူများသည်လည်း ပါးစပ်နှာခေါင်းစည်းများတပ်ကာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly