အဆိပ်ပင်လို လူသားတွေနဲ့ ဆက်ဆံရတဲ့အခါ

အဆိပ်ပင်လို လူသားတွေနဲ့ ဆက်ဆံရတဲ့အခါ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဆိပ်ပင်လို လူသားတွေ အရမ်းများတယ်ဆိုတာ ပေါင်းသင်းဆက်ဆံတဲ့အခါ သိသာပါတယ်။ ဒီလိုလူမျိုးတွေနဲ့ စကားပြောပြီးသွားတဲ့အခါ နဂိုကြည်နေတဲ့ စိတ်ကလေးတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်ပြီး စိတ်တို၊ ဒေါသတွေ တနုံ့နုံ့ထွက်ကျန်ခဲ့ရတာနော်။ အဆိပ်ပင်လိုလူသားတွေက နေရာအနှံ့မှာ ရှိနိုင်သလို ကိုယ်က ကောင်းတယ်လို့ ထင်နေရတဲ့သူတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ – လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ ဆွေမျိုးတွေပေါ့။

လူ့လောကမှာ နေထိုင်အသက်ရှင်နေရတဲ့အခါ ကောင်းတဲ့သူတွေနဲ့လည်း တွေ့နိုင်သလို အဆိပ်ပင်တွေနဲ့လည်း အမြဲတွေ့ရနိုင်တဲ့အတွက် ဒီလိုလူမျိုးတွေ ကိုယ့်ဘဝထဲမှာ ရှိနေရင် ဘယ်လိုပေါင်းသင်းဆက်ဆံသင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။
အဆိပ်ပင်လူသားတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်များ

  • ကိုယ်မှကိုယ်ပဲ သိတတ်တဲ့ တစ်ကိုယ်ကောင်းဆန်ခြင်း
  •  တခြားလူတွေကို လိမ်လည်လှည့်ဖျားတတ်ခြင်း
  •  စိတ်ပိုင်းဆိုင်ရာ စော်ကားတတ်ခြင်း
  •  မရိုးသားခြင်း၊ လိမ်လည်တတ်ခြင်း
  •  မလှိမ့်တပတ်လုပ်ခြင်း
  •  မျက်ရည်ခြူဇာတ်သွင်းခြင်း
  •  အမှားလုပ်ပြီး ပြန်မတောင်းပန်တတ်ခြင်း
  •  တစ်ခုခုဆိုရင် ရှိသမျှလူတွေအကုန်လုံးက သူ့အပေါ် မကောင်းဘူးလို့ စွပ်စွဲတတ်ခြင်း
  •  ပြဿနာရှာတတ်ခြင်း စတဲ့ လူသည်းမခံနိုင်လောက်စရာ အကျင့်စရိုက်တွေကို တွေ့ရတတ်ပါတယ်။

အဆိပ်ပင်လူသားတွေကို ဘယ်လိုဆက်ဆံမလဲ။

လူဆိုတာက မရှိမကောင်း၊ ရှိမကောင်း၊ တစ်ခါတလေမှာ အကြောင်းအမျိုးမျိုးကြောင့် အောင့်အီးသည်းခံပြီး ပေါင်းနေရတာဆိုပေမယ့် ကိုယ့်စိတ်ကို ဒုက္ခဖြစ်စေတဲ့အထိတော့ ပေါင်းသင်းနေစရာမလိုပါဘူး။

၁။ မျက်ရည်ခြူဇာတ်တွေကို အယုံမလွယ်ပါနဲ့။

အဆိပ်ပင်လူသားတွေဟာ သူတို့ကိုယ်သူတို့ လောကဓံရဲ့ ဓားစာခံတွေအဖြစ် မြင်တတ်ကြသလို တခြားသူတွေမြင်အောင်လည်း နည်းအမျိုးမျိုးနဲ့ ပြတတ်ကြပါတယ်။ ဒီလိုပြတဲ့အခါ သူတို့မှားခဲ့တဲ့အမှားတွေကို တခြားတစ်ယောက်ကို ပုံချလိုက်တာ၊ သူတို့ကို လူတွေ အကောင်းမြင်လာအောင် ပုံပြင်တွေ လျှောက်ပြောတာမျိုး လုပ်တတ်ပါတယ်။ ဒီလိုမျိုးအကွက်တွေ ကိုယ့်ကို လုပ်ပြလာပြီဆိုရင် အားနာပါးနာနဲ့တောင် ခေါင်းငြိမ့်ပြုံးမပြလိုက်ပါနဲ့။ မဖြစ်နိုင်တဲ့အကြောင်း၊ မယုံနိုင်တဲ့အကြောင်း၊ အဓိပ္ပါယ်မရှိတဲ့အကြောင်းကို သက်သေ၊ အထောက်အထားတွေနဲ့ ပြပြီး ပြန်ပြောပါ။ အဓိက သူတို့ရဲ့ မျက်ရည်ခြူဇာတ်ကို အားပေးအားမြှောက်မလုပ်ဖို့ပါပဲ။

၂။ ဂရုစိုက်တာမျိုး မလုပ်ပါနဲ့။

မကြာခဏဆိုသလို လူတွေကို အပြစ်မြင်ပြီး ဝေဖန်လေကန်လုပ်နေတဲ့ အဆိပ်ပင်တွေဟာ ကိုယ်ဘာမှအပြစ်မလုပ်ထားရင်တောင် ကိုယ့်ကိုပါ အပြစ်မြင်နေနိုင်တယ်ဆိုတာ သတိရပါ။ ဒီအတွက် သူတို့နဲ့ အခြေအတင် ရန်ဖြစ် ငြင်းခုံနေမယ့်အစား အဖက်ကို ပြန်မလုပ်ပါနဲ့။

၃။ သနားတော့မယ့်အတွေးတွေကို ဘရိတ်အုပ်ထားပါ။

လူဆိုတာက သနားတတ်တဲ့ ဗီဇပါလာတော့ အဆိပ်ပင်တွေရဲ့ စကားတွေကို နားယောင်ပြီး သနားတာမျိုး လုပ်တတ်ပါတယ်။ လူဆိုတာက စိတ်ဆိုး၊ စိတ်မကြည်တဲ့အချိန် စကားကြမ်းကြမ်းတွေ ပြောမယ်။ စိတ်ပြေသွားပြီဆိုရင်တော့ ပြန်တောင်းပန်ရမှာ သဘာဝပဲလေ။ အဲ့လိုတောင်းပန်ဖို့တောင် မာနတွေ ပုံပိနေရင်တော့ ဒီလူဟာ ကိုယ်ရေရှည်ပေါင်းသင်းဆက်ဆံဖို့ သင့်တော်တဲ့ လူလားဆိုတာ ပြန်စဉ်းစားကြည့်ပေါ့။

၄။ သူတို့ရဲ့ အပြုအမူတွေက ဘယ်လိုသဘော သက်ရောက်နေလဲဆိုတာ ပြန်ပြောပြပါ။

အဆိပ်ပင်လူသားတွေဟာ ကျန်တဲ့လူတွေအကုန်လုံးရဲ့ အမှားကိုသာ မြင်တတ်၊ ဖန်တီးတတ်ပြီး သူတို့ကိုယ်တိုင်က အပြစ်ကင်းတဲ့သူလို မြင်စေချင်ကြပါတယ်။ ကိုယ့်အနေနဲ့ လုပ်ပေးလို့ရတာက သူတို့ပြောတဲ့၊ လုပ်နေတဲ့အရာတွေထဲမှာ ဘာတွေက မှားနေလဲ၊ မသင့်တော်ဘူးလဲ၊ တခြားသူတွေ ဘယ်လိုခံစားရမလဲဆိုတာကို သေချာရှင်းပြကြည့်ပါ။ ဒါမှမရဘူးဆိုရင်တော့ ဘဝထဲကနေ ဆွဲထုတ်ပစ်လိုက်ပါတော့။

၅။ မကြိုက်ရင် ငြင်းဖို့ ဝန်မလေးပါနဲ့။

အားနာတတ်တဲ့ စိတ်တစ်ခုတည်းနဲ့ ကိုယ့်အတွက်အဆင်မပြေတဲ့ ကိစ္စကြီးကို ကူညီပေးဖို့ သဘောမတူပါနဲ့။ ဥပမာ – ကိုယ်မလုပ်နိုင်တဲ့အရာတစ်ခုကို အကူအညီတောင်းခံရတဲ့အခါ သေချာစဉ်းစားပါ။ လုံးဝမကူညီနိုင်တာ သေချာရင် ငြင်းပယ်ပါ။ ဘာကြောင့် ငြင်းရလဲဆိုတာ သေချာပြောပြပါ။ ဒါကိုမှ နားမလည်ပေးဘူး၊ ကိုယ့်ကို အပြစ်တင်မယ်ဆိုရင်လည်း ပေးလုပ်လိုက်ပါ။ ကိုယ့်ဘဝနဲ့ ကိုယ်နေထိုင်တာ ဘယ်သူ့မျက်နှာကိုမှ ထောက်ကြည့်နေစရာမလိုဘူးလေ။

၆။ ငါအမှားလုပ်မိလားဆိုတဲ့ အတွေးမဝင်ပါနဲ့။

တစ်ခါတလေ အဆိပ်ပင်တွေက တစ်လောကလုံးကလူတွေကို အပြစ်တင်နေတဲ့အခါ ကိုယ့်စိတ်ထဲမှာ ငါများသူတို့အပေါ် အမှားလုပ်မိလား၊ သူတို့ စိတ်ထိခိုက်စရာ၊ ဘဝအဆင်မပြေလောက်စရာ လုပ်မိလားဆိုပြီး သံသယအတွေးတွေ ဝင်လာတတ်ပါတယ်။ ကိုယ့်ဘက်က အမှားကင်းတယ်၊ အပြစ်ကောင်းအောင် နေထိုင်နေတယ်ဆိုရင် ဘယ်သူလက်ညှိုးထိုးထိုး ဂရုစိုက်စရာမလိုပါဘူး။

၇။ ဒီလိုလူမျိုးတွေအတွက် အချိန်သိပ်မပေးပါနဲ့။

အားနာတဲ့စိတ်နဲ့ ပေါင်းသင်းလိုက်ပါမယ်၊ ကူညီပေးလိုက်ပါမယ်ဆိုပြီး ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ပေးလိုက်ရင် နစ်နာရမှာက ကိုယ်ပါ။ မွေးရာပါ အဆိပ်ပင်ဖြစ်နေတဲ့သူတွေက ဘယ်သူတွေ ဘယ်လောက် ကူညီပေးပေး၊ ကျေးဇူးတင်နားလည်မှာ မဟုတ်သလို ကိုယ်အမှားတစ်ခုလုပ်တာနဲ့ ကောင်းဖူးခဲ့သမျှ အကုန်မေ့ပြီး လက်ညှိုးထိုး အပြစ်တင်တော့မှာပါ။ ဒါကြောင့် ကိုယ့်ဘဝအတွက် အဓိကဦးစားပေးပြီး ကျန်တာတွေကို သိပ်အာရုံမထားပါနဲ့။

အဓိကပြောချင်တာကတော့ အဆိပ်ပင်လိုလူသားတွေကို ဘဝထဲမှာ တွေ့လာပြီဆိုရင် လူပေါင်း၊ စိတ်ခွာ ဆိုသလို အပေါ်ယံလောက်သာ ပေါင်းပြီး ကိုယ့်အတွက် စိတ်အဆင်မပြေစရာ အမူအကျင့်တွေကို မကြာခဏလုပ်လာပြီဆိုရင် ဒီလိုလူတွေကို ဘဝထဲက အမြန်ဆုံးထုတ်ပစ်ဖို့ပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly