ဖရူဆိုမြို့နယ် ကြိုတင်မဲကောက်ရာတွင် လုံခြံုရေးမရှိ ကိုယ်စားလှယ်လောင်းအားလုံးမပါ

ဖရူဆိုမြို့နယ် ကြိုတင်မဲကောက်ရာတွင် လုံခြံုရေးမရှိ ကိုယ်စားလှယ်လောင်းအားလုံးမပါ
Photo - Mizzima/ Kantarawaddy Times

အောက်တိုဘာ ၃၀ ရက် ။       ။ ဖရူဆိုမြို့နယ် ညောင်ဇင်ရပ်ကွက်၌ အောက်တိုဘာ ၂၉ တွင် ကြိုတင်မဲပေးကြရာသို့ လေ့လာ စောင့်ကြည့်ရာတွင် ပါတီကိုယ်စားလှယ်လောင်းများ အားလုံးမပါဝင်ကြောင်း သိရသည်။

မဲလာထည့်ချိန်တွင် လုံခြုံရေးတာဝန်ယူမှုလည်း မရှိခဲ့ကြောင်း ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်းထံမှသိရသည်။

ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသဲရယ်က “အမှန်က ကြိုတင်မဲ လုပ်မယ်ဆိုရင် ပါတီကိုယ်စားလှယ်အားလုံးကို ဖိတ်ရမယ်။ ခေါ်ရမယ်။ မလာနိုင်ရင်တော့ သူတို့အပိုင်းပေါ့။ အခုက အားလုံးမသိလိုက်ဘူး ဖြစ်နေတယ်။” ဟု ပြောသည်။

ညောင်ဇင်ရပ်ကွက်တွင် အောက်တိုဘာ ၂၉ ရက် ကြိုတင်မဲ ကောက်ခံရာ လေ့လာစောင့်ကြည့်သူ တစ်ဦး၊ မီဒီယာနှင့် ကိုယ်စားလှယ်တချို့သာ လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးတာဝန်ရှိသည့် သက်ဆိုင်ရာ ရဲသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း တောခူကျေးရွာသို့ လုံခြုံရေးသွားနေသည်ဟု သိခဲ့ရသည်။

ကြိုတင်မဲကာလတွင် လုံခြုံရေးများအနေဖြင့် မဲကောက်ခံရာ ရပ်ကွက်တိုင်းသို့ လိုက်ပါသင့်ကြောင်း၊ မဲထားရှိရာ နေရာတွင်လည်း ညလုံခြုံရေးပါ ယူရမည်ဖြစ်ကြောင်း ဦးသဲရယ်က ပြောသွားသည်။

ဖရူဆိုမြို့နယ် ညောင်ဇင်ရပ်ကွက်တွင် မဲဆန္ဒရှင် ၆၂၆ ဦးရှိပြီး ကြိုတင်မဲစာရင်းဦးရေ လက်ရှိမဲထည့်သူ ၄ ဦးသာရှိသည်ဟု ညောင်ဇင်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစောဝေစတာ က ပြောသည်။

ကြိုတင်မဲပုံးများပေါ်တွင် လုံခြုံရေးကြိုး၊ တိပ်ခွေနှင့် ကပ်ထားသော်လည်း မဲပုံးပေါ်တွင် စည်းတံဆိပ် တစ်ခုရှိရန် လိုအပ်နေသည်ဟု အမျိုးသားတိုးတက်ရေးပါတီ ဖရူဆိုမြိုနယ် မဲဆန္ဒနယ် အမှတ် (၅) အမျိုးသားလွတ်တော် ဝင်ပြိုင်မည့် ဦးလောရင့်ဦးက ပြောသည်။

ဖရူဆိုမြို့နယ်တွင် မဲဆန္ဒရှင် ၁၇၃၈၆ ဦးရှိပြီ ကျေးရွာအုပ်စု ၁၄ အုပ်စုနှင့် မြို့ပေါ်တွင် ၅ ရပ်ကွက် ရှိသည်ကို သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly