၂၀၃၀ မတိုင်မီ ကမ္ဘာတစ်ဝန်း အလုပ်အကိုင်နေရာပေါင်း သန်း ၂၀ ကျော်ကို စက်ရုပ်တွေ ဝင်ယူသွားနိုင်

၂၀၃၀ မတိုင်မီ ကမ္ဘာတစ်ဝန်း အလုပ်အကိုင်နေရာပေါင်း သန်း ၂၀ ကျော်ကို စက်ရုပ်တွေ ဝင်ယူသွားနိုင်

ဖေဖော်ဝါရီ ၁၆ ။                 ။ လာမယ့် ၂၀၃၀ ပြည့်နှစ်မတိုင်ခင် ကမ္ဘာတစ်ဝန်း ကုန်ထုတ်လုပ်မှု အလုပ်အကိုင်နေရာပေါင်း သန်း ၂၀ ကျော်ကို စက်ရုပ်တွေက လွှဲပြောင်းယူသွားနိုင်တယ်ဆိုပြီး စီးပွား ရေးပ ညာရှင်တွေက ပြောကြားလိုက်ပါတယ်။

လာမယ့် ၁၁ နှစ်တာအတွင်း တရုတ်နိုင်ငံ တစ်နိုင်ငံတည်းမှာတင် စက်ရုပ် ၁၄ သန်းလောက် အလုပ်ခွင်တွေထဲ ဝင်ရောက်လာနိုင်တယ်ဆိုပြီး Oxford Economics က ထုတ်ပြန်တဲ့ လေ့လာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒါဟာ ကမ္ဘာ့ လုပ်ငန်းခွင်ထဲမှာ အလိုအလျောက်စနစ် ဝင်ရောက်မှု နဲ့ပတ်သက်လို့ ရေရှည် ဦးတည်ရာ အလားအလာအပေါ် စီးပွားရေးပညာရှင်တွေက လေ့လာခွဲခြမ်းသုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်စုအတွင်း ကမ္ဘာတစ်ဝန်း အသုံးပြုနေတဲ့ စက်ရုပ်အရေအတွက်ဟာ သုံးဆတိုးလာပြီး စုစုပေါင်းအားဖြင့် ၂ ဒသမ ၂၅ သန်းကို ရောက်လာခဲ့တယ်လို့လည်း စီးပွားရေးပညာရှင်တွေက မှတ်ချက်ပြုပါတယ်။

စက်ရုပ်အသုံးပြုမှု မြင့်တက်လာခြင်းကြောင့် ကုန်ထုတ်လုပ်နိုင်စွမ်း နဲ့ စီးပွားရေးတိုးတက်မှုပိုင်းတွေမှာ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းနိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းခဲ့ပေမယ့် တချိန်တည်းမှာလည်းပဲ စက်ရုပ်တွေ အသုံးပြုမှုကြောင့် ချို့ယွင်းချက် ပြဿနာတွေလည်း တပြိုင်နက်တည်းထဲ ပေါ်ပေါက်လာနိုင်တယ်လို့ ဝန်ခံထားပါတယ်။

“ စက်ရုပ် အသုံးချမှုရဲ့ ရလဒ်ကြောင့် ကမ္ဘာတစ်ဝန်း အလုပ်အကိုင် သန်းပေါင်းများစွာ ဆုံးရှုံးရပါလိမ့်မယ်၊ အထူးသဖြင့် ကျွမ်းကျင်မှု  နိမ့်တဲ့ လုပ်သားတွေအပေါ် မှီခိုနေရတဲ့ ဆင်းရဲတဲ့ စီးပွားရေးနိုင်ငံတွေပေါ့၊ ဒါ့ကြောင့် ဝင်ငွေ မညီမျှမှု ပိုင်းမှာလည်းမြင့်တက်လာမယ်လို့ ပြောလို့ရပါတယ်” လို့ လေ့လာချက်မှာ ပါဝင်ရေးသားထားတဲ့ ပညာရှင်တွေက ပြောပါတယ်။

ဒါပေမယ့်လည်း လာမယ့် ၂၀၃၀ မတိုင်ခင် စက်ရုပ် တပ်ဆင်မှုတွေကို အခြေခံ ခန့်မှန်းချက်ကို ကျော်ပြီး ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်မယ်ဆိုရင် ဒါဟာ အဲဒီနှစ်မှာ ကမ္ဘာ့ဂျီဒီပီကို ၅ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်စေဖို့ ရှိနေတယ်လို့ သုတေသီတွေက ခန့်မှန်းသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly