တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ၁,၆၀၀ ကျော်လာသော်လည်း ကူးစက်မှုနှုန်း ၃ ရက် ဆက်တိုက် ကျဆင်း

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူ ၁,၆၀၀ ကျော်လာသော်လည်း ကူးစက်မှုနှုန်း ၃ ရက် ဆက်တိုက် ကျဆင်း

ဖေဖော်ဝါရီ ၁၆ ။                 ။ တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်သစ် (COVID-19) ကူးစက်မှုနှုန်းဟာ ယခုအခါ သုံးရက် ဆက်တိုက် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ထပ်တိုး ၂,၀၀၉ ဦး ရှိပြီး နိုင်ငံတစ်ဝန်း နောက်ထပ် သေဆုံးသူ ဦးရေ ၁၄၂ ဦး ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ယခုအပတ်အစောပိုင်းတုန်းကတော့ တရုတ်အာဏာပိုင်တွေက  ကူးစက်ခံထားရသူတွေအပေါ် ရေတွက်ပုံစနစ် ပြောင်းလဲလိုက်ပြီးနောက် ကူးစက်ခံရသူဦးရေ သိသိသာသာ မြင့်တက်ထားခဲ့ပေမယ့် ယင်းနောက်ပိုင်းရက်တွေမှာ ကူးစက်မှုနှုန်း ပြန်ကျသွားခဲ့တာ ဖြစ်ပါတယ်။

ယခုလက်ရှိအချိန်အထိ ယင်းနိုင်ငံမှာ စုစုပေါင်း လူပေါင်း ၆၈,၀၀၀ ကျော် ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး သေဆုံးသူစုစုပေါင်း ၁,၆၆၅ ဦး ရှိနေပြီလို့ သိရပါတယ်။

တရုတ်ပြင်ပ နိုင်ငံပေါင်း ၃၀ နီးပါးလောက်မှာလည်း ယင်းဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၅၀၀ ကျော် ရှိနေပြီး ပြင်သစ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်နဲ့ ဂျပန်တို့မှာ သေဆုံးသူလေးဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။

ထင်သာမြင်သာရှိတဲ့ ဖြစ်စဉ်တစ်ခုအနေနဲ့ ဂျပန်ကမ်းလွန်မှာ ဆိုက်ကပ်ထားပြီး သီးခြားစစ်ဆေးမှုခံယူနေရတဲ့ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူစုစုပေါင်း ၃၅၅ ဦးအထိ စစ်ဆေးတွေ့ရှိထားကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly