စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် သိမ်ဖြုဈေးရှေ့ရှိ ရေမြောင်းအား ပြည်သူများ ဒုတိယအကြိမ်မြောက် ထပ်မံ ရှင်းလင်း

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် သိမ်ဖြုဈေးရှေ့ရှိ ရေမြောင်းအား ပြည်သူများ ဒုတိယအကြိမ်မြောက် ထပ်မံ ရှင်းလင်း

ဖေဖော်ဝါရီ ၁၆ ။                    ။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးရှေ့ရှိ သိမ်ဖြူရေမြောင်းကို ဖေဖော်ဝါရီ ၁၆ရက်နေ့က Clean Yangon အဖွဲ့ကနေ ဦးဆောင်ပြီး ဒုတိယအကြိမ်မြောက် အဖြစ်  ပြည် သူအင်အား ၃၀၀ကျော်၊ စည်ပင်ဝန်ထမ်း ၄၀ကျော်တို့ နဲ့ အတူ မနက် ၇နာရီမှ စတင်ကာ ရေမြောင်းတွင် ပိတ်ဆို့နေသော အမှိုက်များကို ၂နာရီကျော်ကြာ ရှင်းလင်းခဲ့ကြသည်။

အဆိုပါရေမြောင်းကို ၂၀၁၉ ခုနှစ် ဧပြီလက ပြည်သူများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းကာ ပထမအကြိမ် ရှင်းလင်းခဲ့ကြပြီး ၉လအတွင်း စည်းကမ်းမဲ့ စွန့်ပစ်တဲ့ အမှိုက်များ ပြန်လည်များပြားလာပြီး ရေမြောင်းပိတ်ဆို့မှုကြောင့် ဒုတိယအကြိမ် ထပ်မံရှင်းလင်းရခြင်း ဖြစ်ကြောင်း Clean yangon အဖွဲ့မှ တာဝန်ခံ ကိုထူးမြတ်အောင်က ရှင်းပြခဲ့သည်။

“ပထမအကြိမ်ရှင်းတုန်းကတော့ အခုထက်ပိုဆိုးတယ် ကျွန်တော်တို့ ရှင်းထားတဲ့နေရာတွေကို ပြန်လိုက်ကြည့်တဲ့အခါ ဒီရေမြောင်းက ပြန်ရှုပ်ပွနေတယ် ဒါကြောင့် ပြန်ရှင်းမယ်လို့ ဖေ့စ်ဘုတ်ပေါ်တင်တဲ့အခါ နံမည်ကြီးချင်လို့ ပြန်ရှင်းတာလားဆိုပြီး ဝေဖန်တာတွေ ရှိတယ်၊ အဓိကက သန့်ရှင်းသွားဖို့ပဲ တစ်ခါမရရင် နှစ်ခါရှင်းမယ် နောက်လိုက်လုပ်လာတဲ့အခါ သန့်ရှင်းသွားနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုနဲပ လုပ်ဆောင်နေတာ ဖြစ်ပါတယ်”ဟု ကိုထူးမြတ်အောင်က ဆိုသည်။

စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ မင်္ဂလာတောင်ညွန့်မြို့နယ် တာဝန်ခံ ဦးမျိုးမင်းအောင်က ယခုလို လူအများ စုပေါင်း ရှင်းလင်းခြင်းကို ရေမြောင်းဘေး ပတ်ဝန်းကျင်တွင် နေထိုင်သူများ၊ လမ်းသွားလမ်းလာများ တွေ့မြင်ရတဲ့အခါ စည်းကမ်းမဲ့ အမှိုက်မစွန်ပစ်ဖို့ နားလည်လာစေရန် အသိပညာပေးတဲ့ ပုံစံတစ်မျိုး အဖြစ် မြင်တွေ့ရသည် ဟု ပြောပြခဲ့သည်။

“အခုလက်ရှိ လာပြီး သိမ်းဆည်းသန့်ရှင်းပေးနေတဲ့ အဖွဲ့အစည်းမျိုးစုံပေါ့ ပြောရရမယ်ဆို ဒီအလုပ်ကို မလုပ်လဲရတယ်ဆိုတဲ့သူတွေပါ ဒါတွေကိုကြည့်ပြီး ရှက်ပြီးတော့ ကိုယ့်အသိတရားလေးနဲ့ မပစ်ဖို့ကို ပြည်သူတွေကို မြင်စေချင်ပါတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ် တာဝန်ခံ ဦးမျိုးမင်းအောင်က ပြောသည်။

ရေမြောင်းဘေး ပတ်ဝန်းကျင်တွင်နေသော ဒေသခံများကတော့ သိမ်ဖြူရေမြောင်းက မင်္ဂလာတောင်ညွန့်၊ လမ်းမတော်၊ ကျောက်တံတားစသော မြို့နယ်များမှ ပေါင်းဆုံလာသည့် ရေမြောင်းဖြစ်နေတဲ့အတွက် အခြားမြို့နယ်များက စွန်ပစ်သည့် အမှိုက်များ မျောပါလာပြီး ထိုရေမြောင်းတွင် ဝင်ရောက်ပိတ်ဆို့လာခြင်း ဖြစ်ကြောင်း အဆိုပါ သိမ်ဖြူရေမြောင်း အနီးတဝှိက်တွင် နေထိုင်သူအချို့ထံမှ သိရသည်။

“တချို့ကျတော့လည်း စည်းကမ်းနဲ့ပစ်တယ် တချို့ကျတော့လည်း လမ်းသွားရင်း ပရမ်းပတာ ပစ်သွားတာမျိုးတွေ ရှိတယ် အဲ့ကျ အများနဲ့ဆိုတော့ ဘာမှသွားပြောလို့မရဘူးလေ တချိုကကျတော့ ပြောလိုက်ရင် မကြိုက်တာမျိုးတွေ ရှိတယ်”ဟု သိမ်ဖြူရေမြောင်းဘေးရှိ မီးရထားဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သူ ဒေါ်အေးသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင်  တစ်နေ့ကို မီးဖိုချောင်သုံး စွန့်ပစ်အမှိုက် တန်ချိန် ၉၀ကျော် ထွက်ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly