အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကို အရေးမယူဘဲ နေထိုင်ခွင့်ပေးထားတဲ့ မြို့တွေမှာ နယ်စပ် ကင်းလှည့်တပ်ဖွဲ့ဝင်တွေ ချထားဖို့ ဒေါ်နယ်ထရမ့် စီစဉ်

အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကို အရေးမယူဘဲ နေထိုင်ခွင့်ပေးထားတဲ့ မြို့တွေမှာ နယ်စပ် ကင်းလှည့်တပ်ဖွဲ့ဝင်တွေ ချထားဖို့ ဒေါ်နယ်ထရမ့် စီစဉ်

ဖေဖော်ဝါရီ ၁၆ ။              ။ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အရေးမယူဘဲ နေထိုင်ခွင့်ပေးထားတဲ့ Sanctuary Cities မြို့တွေမှာ နည်းဗျူဟာကျ နယ်စပ်ကင်းလှည့်တပ်ဖွဲ့ဝင်တွေ တပ်ဖြန့် ချထားဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အစိုးရက စီစဉ်နေပြီ ဖြစ်ပါတယ်။

ဒါဟာ နိုင်ငံတွင်းက sanctuary cities ဆယ်မြို့မှာ ရှိတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE) တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ နယ်စပ်ကင်းလှည့်တပ်ဖွဲ့ဝင် အယောက် ၁၀၀ ကို တပ်ဖြန့်သွားဖို့ ရှိနေတာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောပါတယ်။

ဒါဟာ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ ကန့်သတ်မှုတွေ ရှိနေတဲ့ sanctuary cities တွေကို ထရမ့် အစိုးရဘက်က မကြာခဏ ပစ်မှတ်ထားအာရုံစိုက်ခဲ့ပြီးနောက် ယခုလို တပ်ဖွဲ့ဝင်တွေ တပ်ဖြန့်မယ့် ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဆိုပါ မြို့တွေမှာ လူဝင်မှုကြီးကြပ်ရေး စနစ်တွေ ပိုမို စုစည်းအားကောင်းစေဖို့၊ အများပြည်သူ ဘေးကင်းလုံခြုံရေး မြှင့်တင်ဖို့၊ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အားကောင်းစေဖို့ ရည်ရွယ်ပြီး ဖေဖော်ဝါရီကနေ မေလအထိ ယင်းမြို့တွေက ICE နဲ့ အတူလက်တွဲလုပ်ဆောင်ဖို့ အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး (CBP) အရာရှိတွေကို စေလွှတ်သွားမှာ ဖြစ်ပါတယ်။

CBP ကတော့ ပုံမှန်အားဖြင့် နယ်စပ်တစ်လျှောက်၊ လေဆိပ်တွေ၊ အဝင် ဆိပ်ကမ်းတွေမှာ လူတွေကို ထိန်းသိမ်းလေ့ ရှိပြီး အမေရိကန်နယ်စပ် မိုင် ၁၀၀ အတွင်း လှုပ်ရှားဆောင်ရွက်ခွင့် ရှိပါတယ်။ ICE ကတော့ နိုင်ငံရဲ့ ကျန် ဧရိယာတွေမှာ လူဝင်မှုဆိုင်ရာ ဖမ်းဆီးမှုတွေကို ဆောင်ရွက်ပါတယ်။

“အကျဉ်းထောင်တွေကနေ ထွက်လာတဲ့ ရွွှေှ့ပြောင်းတွေကို ကျွန်တော်တို့ဘက်က ထိန်းသိမ်းခွင့် မရှိတဲ့ ဧရိယာတွေမှာဆိုရင် လူ့အစုအဖွဲ့ထဲ လွှတ်ပေးလိုက်တဲ့ ရွေ့ပြောင်းတွေကို သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေကပဲ ဖမ်းဆီးခဲ့ရပါတယ်” ဆိုပြီး ICE ရဲ့ ခေတ္တ ဒါရိုက်တာ Matthew Albence က ပြောသွားပါတယ်။

“ Sanctuary cities တွေက ဒီ ရာဇဝတ်သားတွေကို လမ်းပေါ်တွေ ပြန်လွှတ်ပေးလိုက်တဲ့အခါမှာ ကြိုတင်ကာကွယ်လို့ ရတဲ့ အမှုအခင်းတွေ ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေပြီး မသေသင့်ဘဲ သေဆုံးရသူတွေ ရှိစေခဲ့ပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။

ခုလို တပ်ဖွဲ့ဝင်တွေ တပ်ဖြန့်ဖို့ စီစဉ်ထားတဲ့ မြို့တွေကတော့ နယူးယော့ခ်၊ ချီကာဂို၊ ဆန်ဖရန်စစ္စကို၊ လော့အိန်ဂျလိစ်၊၊ အတ္တလန္တာ၊ ဟူစတန်၊ ဘော်စတွန်၊ နယူးအော်လင်းစ်၊ ဒက်ထရွိုက်၊ နီဝါ့ခ် နဲ့ နယူးဂျာစီ တို့ ပါဝင်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required