သင့်ရဲ့ လိင်တံက ကျုံ့ပြီးတိုသွားနိုင်လား

သင့်ရဲ့ လိင်တံက ကျုံ့ပြီးတိုသွားနိုင်လား

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေရဲ့ လိင်တံဟာ အများဆုံး တစ်လက်မထိ သေးသွားနိုင်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ကိုယ့်ရဲ့ သက်အရွယ်ကြောင့်၊ ရှိနေတဲ့ ရောဂါတွေကြောင့်ပါပဲ။ တချို့အခြေအနေမှာ ယာယီဖြစ်တာဆိုပေမယ့် ရာသက်ပန်ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ ဒီလိုမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှိသလို လိင်တံသေးသွားလို့လည်း လိင်မှုကိစ္စမှာ အနှောင့်အယှက်ပြဿနာတွေ မဖြစ်စေနိုင်ပါဘူး။

ဘာကြောင့် လိင်တံက ကျုံ့ဝင်သွားရတာလဲ။

အဓိက လိင်တံကို တစ်လက်မထက်မနည်း ကျုံ့ဝင်သွားစေတဲ့ တရားခံတွေကတော့

၁။ အသက်ကြီးလာခြင်း

၂။ အဝလွန်လာခြင်း

၃။ ဆီးကျိတ်ကို ခွဲစိတ်ကုသအပြီး

၄။ ပီရိုးနီးရောဂါ (Peyronie’s disease) တွေပဲ ဖြစ်ပါတယ်။

အသက်ကြီးလာခြင်း

ယောက်ျားတစ်ယောက်က အသက်ကြီးလာတာနဲ့အမျှ ကျားဟော်မုန်း (Testosterone) ထွက်တာ နည်းသွားပြီး လိင်တံနဲ့ ဝှေးစေ့က ပိုပြီးသေးသွားတတ်ပါတယ်။ ထောင်မတ်မှုကို ဖြစ်စေဖို့ လိင်တံအတွင်း သွေးကောင်းစွာ စီးဆင်းနိုင်ဖို့ လိုပါတယ်။ ဒီလိုသွေးစီးဆင်းစေတဲ့ သွေးကြောမှာ အဆီတွေ စုမိနေတဲ့အခါ ပိတ်သလိုဖြစ်သွားပြီး ကောင်းစွာ မထောင်မတ်နိုင်တော့ပါဘူး။

အားကစားလုပ်နေစဉ်၊ လိင်ဆက်ဆံေနစဉ် ထိခိုက်မိတာ၊ အမာရွတ်ဖြစ်တာတွေ ကြာလာတဲ့အခါ လိင်တံအတွင်းတစ်သျှူးတွေက ဒဏ်ဖြစ်ပြီး သွေးကောင်းစွာ မစီးဆင်းနိုင်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်ဟာလည်း လိင်တံအရွယ်အစားနဲ့ ထောင်မတ်နိုင်စွမ်းအပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်စေတဲ့ အချက်တွေထဲမှာ ပါနေပါတယ်။

အဝလွန်လာခြင်း

ဝမ်းဗိုက်အောက်ပိုင်းနားမှာ အဆီတွေ စတင်ဖုံးလာတဲ့အခါ လိင်တံက ပိုပြီးသေးသွားရသလို ထင်ရတတ်ပါတယ်။ ဖုံးနေတဲ့ အဆီတွေဟာ လိင်တံထိပ်ဖူးဆီကို ရောက်လာပြီး တဖြည်းဖြည်းနဲ့ တိုဝင်သွားတာဖြစ်ပါတယ်။

ဆီးကျိတ်ကို ခွဲစိတ်ကုသအပြီး

ဆီးကျိတ်ကင်ဆာ ဂလန်းကို ခွဲစိတ်ဖယ်ထုတ်ထားတဲ့ အမျိုးသားတွေရဲ့ ၇၀ရာခိုင်နှုန်းဟာ ပုံမှန်ထက် လိင်တံအနည်းငယ်ကျုံ့ပြီး တိုဝင်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ခွဲစိတ်အပြီးမှာ ထောင်မတ်ခြင်းကို ဖြစ်စေတဲ့ တစ်သျှူးကြွက်သားဆဲလ်တွေဟာ ကျုံ့ဝင်သွားပြီး လိင်တံထောင်မတ်ဖို့ ခက်ခဲတာပါ ဖြစ်နိုင်ပါတယ်။

ပီရိုးနီးရောဂါ

ဒီရောဂါဖြစ်နေတဲ့ အမျိုးသားတွေရဲ့ လိင်တံဟာ လွန်လွန်ကဲကဲ ကွေးကောက်နေတတ်ပြီး ထိုးသွင်းဆက်ဆံမှု ပြုလို့မရတာ၊ ဆက်ဆံနေစဉ် အလွန်နာကျင်တာပါ ဖြစ်နိုင်ပါတယ်။ ပီရိုးနီးရောဂါဟာ လိင်တံရဲ့ အရှည်နဲ့ လုံးပတ်ကိုလည်း လျော့သွားစေနိုင်သလို ဒီရောဂါကိုဖြစ်စေတဲ့ အမာရွတ်တစ်သျှူးတွေကို ခွဲစိတ်ဖယ်ထုတ်အပြီးမှာလည်း အရွယ်အစား သေးသွားတတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသဖို့လိုမလဲ။

လိင်တံနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမခံယူခင်မှာ ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ အရင်ဆုံး မေးမြန်းထားသင့်ပါတယ်။ ဆီးကျိတ်ကင်ဆာဂလန်းတွေ၊ ထောင်မတ်မှုကို အဟန့်အတားဖြစ်စေတဲ့ အမာရွတ်တစ်သျှူးတွေကို ခွဲစိတ်ကုသမှုအပြီးမှာလည်း လိင်တံက တိုဝင်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လိင်တံက ကောက်လာတာ၊ နာကျင်နေတာ၊ ရောင်ရမ်းနေတယ်လို့ ခံစားရပြီဆိုရင်တော့ ပီရိုးနီးရောဂါ ဖြစ်နိုင်ခြေရှိတဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံး ပြသစစ်ဆေးသင့်ပါတယ်။

ဘယ်လိုကာကွယ်နိုင်မလဲ။

အသက်အရွယ်နဲ့ အဝလွန်ခြင်းကြောင့် ဖြစ်တဲ့ လိင်တံကျုံ့ဝင်မှုကို ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ကာကွယ်ပေးလို့ ရပါတယ်။ အမျိုးသားတွေအနေနဲ့ မဖြစ်မနေ လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ အားကစားရုံမှာ အလေးမခြင်းဖြင့် ကိုယ်ခန္ဓါက အဆီပိုတွေ လျှော့ချပေးလို့ရသလို ကြွက်သားထုတက်အောင် လုပ်ပေးခြင်း၊ အစာအာဟာရ ပြည့်ဝစုံလင်စွာ စားပေးတာ၊ ဆေးလိပ်၊ အရက်လျှော့သောက်တာ သို့မဟုတ် ဖြတ်လိုက်မယ်ဆိုရင်တော့ ပန်းသေပန်းညှိုးရောဂါ၊ အသက်ကြောင့် လိင်တံတိုဝင်တာ၊ အဝလွန်ေရာဂါတွေကို ကာကွယ်ပေးနိုင်မှာပါ။

ဆီးကျိတ်ကင်ဆာဂလန်းကို ခွဲစိတ်အပြီး လိင်တံတိုဝင်သွားခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ရပ်ဖြစ်ပြီး ၆လမှ တစ်နှစ်အတွင်း ပုံမှန်အရွယ်အစား ပြန်ဖြစ်သွားနိုင်ပါတယ်။ ပီရိုးနီးရောဂါဆိုရင်တော့ ဆရာဝန်နဲ့ အရင်ဆုံးပြသပြီး လိင်တံအတွင်း အမာရွတ်ဖြစ်နေတဲ့ တစ်သျှူးတွေကို ခွဲစိတ်ဖယ်ထုတ်သင့်ပါတယ်။ လိင်တံက တိုဝင်သွားလို့ အမျိုးသားတွေရဲ့ လိင်မှုဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ မဖြစ်စေနိုင်လို့ သိပ်ပြီးစိတ်ပူဖို့တော့ မလိုဘူးလို့ ပြောချင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly