ထရမ့်ရဲ့ ခရီးစဉ်မတိုင်ခင် ကမ္ဘာ့အကြီးဆုံး ခရစ်ကက်ကွင်းကြီးကို အပြီးသတ်ဖို့ ကြိုးစားနေတဲ့ အိန္ဒိယ

ထရမ့်ရဲ့ ခရီးစဉ်မတိုင်ခင် ကမ္ဘာ့အကြီးဆုံး ခရစ်ကက်ကွင်းကြီးကို အပြီးသတ်ဖို့ ကြိုးစားနေတဲ့ အိန္ဒိယ
Photos: GCA & EPA

ပရိသတ် (၁၀၀,၀၀၀)ကျော် ဝင်ဆံ့မယ့် ကမ္ဘာ့အကြီးဆုံး ခရစ်ကက်အားကစားကွင်းကို ဒီလနှောင်းပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အိန္ဒိယသို့ အလည်အပတ်ခရီးစဉ်အတွင်း တရားဝင်ဖွင့်လှစ်နိုင်ဖို့ ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အာမက်ဒါဘတ်မြို့က အလုပ်သမားတွေဟာ ပရိသတ် (၁၁၀,၀၀၀)ဝင်ဆံ့ Sardar Patel အားကစားကွင်းကို အပြီးသတ်နိုင်ဖို့ အပြေးလွှားဖြစ်နေပါတယ်။ ဒီအားကစားကွင်းဟာ ကမ္ဘာ့အကြီး ခရစ်ကက်ကစားကွင်းအဖြစ် ထိုင်ခုံပေါင်း (၁၀၀,၀၀၀)ရှိတဲ့ မဲလ်ဘုန်းခရစ်ကက်ကွင်းကို ကျော်ဖြတ်ပါလိမ့်မယ်။

ထရမ့်ဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ အိန္ဒိယနိုင်ငံဆီ နှစ်ရက်ကြာ အလည်အပတ်လာမှာဖြစ်ပြီး ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ သူ့ရဲ့ ဇာတိပြည်နယ်မှာ သူ့ကို ဧည့်ခံဖိတ်ခေါ်လိုတာဖြစ်ပါတယ်။

တာဝန်ရှိသူများရဲ့အဆိုရ ထရမ့်နဲ့ တွေ့ဆုံမှုအခမ်းအနားကို "Kem Chho Trump" ဒါမှမဟုတ် "နေကောင်းလား ထရမ့်"လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က ထရမ့်က အိန္ဒိယဝန်ကြီးချုပ်ကို တက္ကဆက်ပြည်နယ်၊ ဟူစတန်က NRG အားကစားကွင်းမှာ ဂုဏ်ပြုဧည့်ခံခဲ့ပြီး အဲဒီမှာ အိန္ဒိယနွယ်ဖွယ် အမေရိကန်အသိုင်းဝိုင်းက လူပေါင်း ၅၀,၀၀၀ တက်ရောက်ခဲ့တဲ့ စည်းဝေးပွဲကို "Hello Modi" လို့ ခေါ်ဆိုခဲ့ပါတယ်။

မိုဒီဟာ လူဦးရေ ၁.၃ ဘီလီယံရှိ တိုင်းပြည်မှာ အချမ်းသားဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ သူ့ဇာတိမြေမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို ဖိတ်ကြားဧည်ခံလာတာ ရှည်လျားတဲ့ အစဉ်အလာရှိပါတယ်။

အဲဒီနေရာကို ၂၀၁၄ ခုနှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင် သွားရောက်ခဲ့ပြီးနောက်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းတို့ လာရောက်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly