မြိုင်ကြီးငူ စစ်ရှောင်စခန်း ပိတ်သိမ်းခြင်းက စစ်ဘေးရှောင်များအတွက် ပိုအဆင်ပြေနိုင်ဟုဆို

By စိုင်းဦး
15 February 2020
မြိုင်ကြီးငူ စစ်ရှောင်စခန်း ပိတ်သိမ်းခြင်းက စစ်ဘေးရှောင်များအတွက် ပိုအဆင်ပြေနိုင်ဟုဆို
ပုံ -KIC  မြိုင်ကြီးငူဒေသက စစ်ရှောင်များကိုတွေ့ရစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅။       ။ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသရှိ စစ်ဘေးရှောင်စခန်းကို ပိတ်သိမ်းပြီး နေရာအသစ် တည် ဆောက်ပေးရန် အစိုးရမှ စီစဉ်နေခြင်းကြောင့် စစ်ရှောင်ပြည်သူများအတွက် ရေရှည် အဆင်ပြေနိုင်သည်ဟု မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းမှ သူနာပြုဆရာမ ဒေါ်နန့်သဇင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ စခန်း ပိတ်သိမ်းရေး အစီအစဉ်နှင့် ပတ်သက်ပြီး မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းသို့ လူမှုဝန်ထမ်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အပါ အဝင် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်တို ဖေဖော်ဝါရီ ၇ ရက်က ရောက်ရှိလာပြီး စစ်ရှောင်များဖြင့် တွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းမှ သူနာပြုဆရာမ ဒေါ်နန့်သဇင်က “ဟိုမှာကျတော့ အဆင်ပြေမယ်လေ သူခြံ လေး၊ သူ့အိမ်လေးနဲ့ အိမ်ဆောက်ပေးမယ်၊ ခြံလေး၊ ဂရန်လေးနဲ့ သူတို့ကိုယ်ပိုင် ပုံစံလေး ဖြစ်သွားအောင် ဆိုတော့ လေ ခုလက်ရှိ သူတို့နေတဲ့ နေရာကလည်း ဘုရားနယ်မြေ၊ ဘုရားပရဝဏ်ဆိုတော့ သူတို့အတွက် ရေရှည်မှာ အဆင်မပြေဘူး”ဟု ပြောသည်။

လက်ရှိ မြိုင်ကြီးငူ စစ်ရှောင်စခန်းသည် သာသနာ့ နယ်မြေနှင့် နှစ်သစ်ကူး ပွဲတော်လုပ်သည့် ကွင်းတွင် နေထိုင် ရသောကြောင့် ရေရှည်တွင် အဆင်မပြေနိုင်ကြောင်း၊ လောလောဆယ်တွင် နေရာ ပြောင်းရွေ့ရန် ကြည့်ရှု နေတုန်း ဖြစ်ပြီး မည်သည့် နေရာ ပြောင်းရွေ့မည်ကို အတိအကျ မသိရသေးကြောင်း၊ ပြောင်းရွေ့ရန် စီစဉ်နေ သော နေရာမှာ မြိုင်ကြီးငူ ကျောက်စာကွင်းသို့ ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

ဒေါ်နန့်သဇင်က “လောလောဆယ်တော့ နေရာသစ် ရှာနေတုန်းပေါ့၊ နေရာသစ် အတည်တကျဖြစ်မှရမှာ  ခုလောလောဆယ် မရွေ့သေးဘူးပေါ့။ လာညှိနှိုင်းတဲ့ သဘောဖြစ်တယ်။မြိုင်ကြီးငူ ကျောက်စာကွင်းမှာဘဲ ရှေ့တဲ့တဲ့မှာ ဘဲ လယ်ကွင်းတွေကို လယ်သမားတွေဆီက ဝယ်ပြီး နေရာ ပြန်ချရမှာ”ဟု ပြောသည်။

မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းရှိ စစ်ရှောင်များက ၎င်းတို့ မူလ နေထိုင်ရာ ကျေးရွာနှင့်အနီးဆုံး နေရာတွင် ပြန် လည် နေထိုင်နိုင်ရေး အစိုးရမှ ကူညီဆောင်ရွက်ပေးရန် ဖေဖော်ဝါရီ ၈ ရက်က အစိုးရနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ ကြသည်ဟု သိရသည်။

မည်သည့် အချိန်တွင် စစ်ရှောင်စခန်းကို ပိတ်သိမ်းမည်နှင့် မည်သည့် နေရာသို့ ပြောင်းရွေ့ပေးမည်ကို လောလောဆယ် ညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ ပြန်လည် နေရာချထားရေးကို စတင် ဆောင်ရွက်သည့်အခါ စစ်ရှောင်များ နေထိုင်နိုင်ရေးအတွက် အိမ်ယာများ ဆောက်လုပ်ပေးသွားရန် ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စု အစိုးရသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် စသည့် ပြည်နယ်များ အတွင်းရှိ စစ်ဘေးရှောင် စခန်းများကို ပြန်လည် နေရာချထားရေးနှင့် ပိတ်သိမ်းရေးများကို အမျိုးသား အဆင့် မဟာဗျူဟာ အစီအစဉ်အရ ဆောင်ရွက်နေရာ မြိုင်ကြီးငူဒေသက စစ်ဘေးရှောင်စခန်းကို ထိုအစီအစဉ်အရ ပိတ်သိမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ မြိုင်ကြီးငူက အခုမှ စညှိနေတုန်း ရှိသေးတယ်၊ တချို့က ကိုယ့်နေရာ ကိုယ်ပြန်နေချင်ကြတာရှိတယ်၊ တချို့ က ကိုယ့်နေရာ မပြန်ချင်ကြဘူး အမျိုးမျိုးရှိတယ်။အားလုံး ညှိနှိုင်းပြီးမှ လုပ်ပေးကြတာပေါ့၊ ကျွန်တော်တို့က တတ်နိုင်သလောက် ကူရမှာပေါ့။ တခြား တိတိကျကျတော့ ဘာမှ ပြောလို့မရသေးဘူး၊ ဌာနဆိုင်ရာတွေ အားလုံး ပေါင်းပြီးတော့ ကျန်းမာရေး၊ နေထိုင်ရေးကို လုပ်ပေးမယ်၊ ပြောင်းမယ့် နေရာ ၂ နေရာတော့ ကြည့် ထားတယ်”ဟု ၎င်းက ပြောသည်။

လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသအနီးရှိ မယ်သဝေါတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလက တပ်မတော်၊ ကရင် ပြည်နယ် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းအဖွဲ့နှင့် စောကျော်သက်နှင့်စောဆန်းအောင်တို့ ဦးဆောင်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(DKBA-ခွဲထွက်)တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မြိုင်ကြီးငူဒေသသို့ တိုက်ပွဲရှောင်များ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မြိုင်ကြီးငူဒေသသည် အေးလင်းမြတ်ရှင်နှင့် ပန်းဝတ်မှုံဟူ၍ စစ်ရှောင်စခန်း ၂ ခုရှိပြီး စစ်ဘေးရှောင် ၄၀၀၀ ကျော် နေထိုင်လျက် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly