မြန်မာ့ပထမဆုံးကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်စမစ်ဒွန်းအုတ်ဂူသို့ လက်ရှိတပ်ချုပ်သွားရောက်ဂါဝရပြု

မြန်မာ့ပထမဆုံးကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်စမစ်ဒွန်းအုတ်ဂူသို့ လက်ရှိတပ်ချုပ်သွားရောက်ဂါဝရပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅။             ။ မြန်မာ့တပ်မတော်တွင် ပထမဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သည့် ဗိုလ်ချုပ်စမစ်ဒွန်းနှင့် ဇနီးဖြစ်သူ၏ အုတ်ဂူသို့ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က သွားရောက်ကာ လွမ်းသူ့ပန်းစည်းချကာ ဂါရဝပြုခဲ့သည်။

 “ တပ်မတော်ခေါင်းဆောင်တစ်ဦးအဖြစ် ကာကွယ်ရေးဦးစီးချုပ်တစ်ဦးအဖြစ် တပ်မတော်ကို သူကတည်ဆောက်ခဲ့တဲ့သူပဲ။ ဒါကြောင့်မို့လို့ သွားတွေ့ရခြင်းဖြစ်ပါတယ်။ မြန်မာ့အစဉ်အလာလည်းရှိပြီးသားကို  ဂါဝရောစတရား ရှိပါတယ်။ ဒါကြောင့်သွားတွေ့တာပါ”  ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

ဓာတ်ပုံ-ဦးစစိုးမှန် (ဗိုလ်ချုပ်စမစ်ဒွန်း၏ မြေး)

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် လက်ရှိကာချုပ်၏ ကလောခရီးစဉ်အတွင်း ဗိုလ်ချုပ် စမစ်ဒွန်း၏ နေအိမ်ဝင်းသို့ သီးသန့် သွား ရောက်ခဲ့ခြင်း ဖြစ်ကာ သမီး ဖြစ်သူ ဒေါ်ခင်စောမူ(ခေါ်) ဒေါ်အဲဗလင်းဒွန်းနှင့် မိသားစု ဝင်များအားတွေ့ဆုံခဲ့သေးသည်။

မြန်မာ့တပ်မတော်တွင် ပထမဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သည့် ဗိုလ်ချုပ်စမစ်ဒွန်း ကွယ်လွန်ခဲ့သည်မှာ ယခုအချိန်အထိ ဆိုပါက ၄၁ နှစ်ရှိပြီဖြစ်သည်။

၁၉၀၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် ဗိုလ်ချုပ် စမစ်ဒွန်းကို ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသရှိ ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းရွာ တွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏မြေးဖြစ်သူထံမှသိရသည်။

ဗိုလ်ချုပ် စမစ်ဒွန်းသည် မြန်မာ့တပ်မတော်တွင် လွတ်လပ်ရေးရခဲ့ပြီးနောက် ၁၉၄၈ ဇန်နဝါရီ ၁ ရက်နေ့မှ ၁၉၄၉ ဇန်နဝါရီ ၃၁ ရက်နေ့အထိ စစ်ဦးစီးချုပ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။

သို့သော်လည်း ၁၉၄၉ ခုနှစ် ကရင်လူမျိုးတို့ ကိုယ်ပိုင်လွတ်လပ်ရေးအတွက် စတင်တိုက်ခိုက်မှုများဖြစ်လာသည့်အခါ ဗိုလ်ချုပ်စမစ်ဒွန်း ဟုခေါ်သည့် ဗိုလ်မှူးကြီး လေးပေဟာ တာဝန်မှ အနားယူခဲ့ရသည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်စမစ်ဒွန်း၏ ရာထူးကို ဗိုလ်ချုပ်နေဝင်းမှ လက်ခံရယူခဲ့သည်။

အနားယူပြီး နောက်ပိုင်း ၎င်းဟာ ရှမ်းပြည်နယ်ကလောမြို့တွင် ဥယျာဉ်စိုက်ပျိုးပြီး စာရေး၊ စာဖတ်သည့် အလုပ်ဖြင့် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရင်း ၁၉၇၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင်ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဗိုလ်ချုပ်စမစ်ဒွန်း၏ အုတ်ဂူဟာ ကလောမြို့နယ်ရှိ ခရစ်ယာန်သချိုင်းတွင်တည်ရှိနေပြီး အုတ်ဂူကို ၎င်း၏မိသားစုဝင်များမှ ၂၀၁၇ ခုနှစ်က ပြန်လည်ပြင်ဆင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required