၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် အာဇာနည် ၁၇ ဦးအတွက် အထိမ်းအမှတ်အခမ်းအနားကျင်းပ

၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် အာဇာနည် ၁၇ ဦးအတွက် အထိမ်းအမှတ်အခမ်းအနားကျင်းပ
 (ဓာတ်ပုံ-အောင်ကိုဦး/မဇ္ဈိမ)

မန္တလေး၊ ဖေဖေါ်ဝါရီ ၁၅။          ။ ၁၃၀၀ပြည့် အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် အာဇာနည် ၁၇ ဦး၏ ၈၁ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက် သူကြွယ်ကုန်းတွင် ရှိသည့် အာဇာနည်ဗိမာန်တွင်ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အာဇာနည် ၁၇ ဦးအားရည်စူး၍ သံဃာတော် ၁၇ ပါး ကို ဆွမ်းကပ်ခြင်း အလှူကို ပြုလုပ်ခဲ့ပြီး မန္တလေးတိုင်း အစိုးရအဖွဲ့ ခေတ္တ ဝန်ကြီးချုပ်နှင့် နိုင်ငံရေးအသင်းအဖွဲ့များ အရပ်ဖက် လူမှုအဖွဲ့အစည်း များ ကျောင်းသား အလုပ်သမား လယ်သမားအဖွဲ့အစည်းများက ကျဆုံးသွားခဲ့သူများကို အလေးပြုခြင်း၊ ပန်းခွေချခြင်းများ ပြုလုပ်ခဲ့သည်။

"မန္တလေးမြို့ရဲ့ အာဇာနည်တွေ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ သူတွေကို မမေ့မလျော့စေဖို့အတွက် နှစ်ပတ်လည် ပွဲလုပ်တာပါ"ဟု ပွဲကျင်းပရေးကော်မတီမှ ဦးမင်းထက်ငြိမ်းချမ်းကပြောသည်။

မန္တလေးမြို့တွင် ၁၃၀၀ ပြည့်နှစ်က ကိုလိုနီအစိုးရကို ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ရာ နယ်ချဲ့စစ်သားများက ပစ်ခတ်သဖြင့် ရဟန်းရှင်လူ (၁၇) ဦး ကျဆုံးခဲ့ကာ ရုပ်ကလာပ်များကို အိမ်တော်ရာ၌ပြည်သူ့ဈာပနအဖြစ်ထားရှိ၍ နေမျိုးမဟာသီဟသူရ ဘွဲ့ကိုပေးအပ်ခဲ့ကြသည် ။ ထို့နောက်ယခုနေရာ တမ္ပဝတီရပ် သူကြွယ်ကုန်းတွင် အာဇာနည်(၁၇) ဦးဗိမာန် ဆောက်လုပ်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly