ဆောင်းရာသီ မှာ ကလေးတွေကြုံရတတ်တဲ့ အရေပြားပြဿနာများ

ဆောင်းရာသီ မှာ ကလေးတွေကြုံရတတ်တဲ့ အရေပြားပြဿနာများ

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ကလေးငယ်တွေရဲ့အသားအရေက နုနယ်လွန်းလို့ ဆောင်းရာသီ ရဲ့လေအေးတွေနဲ့ ထိတွေ့တဲ့အခါ ခြောက်သွေ့မှုဒဏ်အတော်ခံစားရတတ်ပါတယ်။ အရေပြားခြောက်သွေ့မှုက ကလေးတွေအတွက် နောက်ဆက်တွဲပြဿနာများ စေတဲ့အကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။ဆောင်းရာသီမှာ ကလေးတွေအဖြစ်များတဲ့ အရေပြားပြဿနာတွေကို ဂရုစိုက်ပြီး ကာကွယ်သင့်တာကာကွယ်၊ ကုသသင့်တာကုသမှရောဂါကင်းစင်ပြီး အသားအရေကြည် လင်လှပတဲ့ သားသမီးရတနာလေးတွေဖြစ်စေမှာပါ။

ဆောင်းရာသီမှာ အဖြစ်များတဲ့ ကလေးတွေရဲ့အရေပြားပြဿနာတွေက –
အပူကန်တဲ့ မိတ်ထွက်ခြင်း

မိတ်ထွက်တယ်ဆိုတာနွေရာသီမှာပဲဖြစ်တာမဟုတ်ပါဘူး။ ရာသီဥတုအေးတယ်ဆိုပြီး ကလေးကို အဝတ်တွေအထပ်ထပ်ဝတ်ပေးထားတာများနေရင်လည်း ချွေးပေါက်လေးတွေပိတ်ပြီး မိတ်ဖုလေးတွေထွက်စေတတ်ပါတယ်။ ကလေးကိုရေဖတ်တိုက်ပေးတာ၊ကြက်သီးနွေး ရေနဲ့ရေချိုးပေးတာက အသားအေးစေပြီး အရေပြားကို ချွေးပေါက်ပွင့်စေနိုင်တာကြောင့်မိတ်ယားသက်သာစေမှာပါ။ မိတ်ဖုတွေပေါ်ကို လိုးရှင်းတွေလိမ်းတာက အကူအညီ မဖြစ်စေတဲ့အပြင် ချွေးပေါက်တွေပိတ်စေလို့ ပိုဆိုးစေနိုင်ပါတယ်။ ကလေးကို ပိတ်လှောင်နေအောင် အထပ်ထပ်မဝတ်ပေးပါနဲ့၊ ပူအိုက်နေပုံရရင် အနွေးထည်တွေချွတ်ပေးပါ။
အသားပပ်ခြင်း

ဆောင်းရာသီမှာဖြစ်တဲ့ အသားပပ်ခြင်းက အရေပြားခြောက်သွေ့၊နီရဲပြီး အရေခွံကွာတာဖြစ်ပြီး ကလေးငယ်တွေမှာဆို မျက်နှာနဲ့လက်တွေမှာဖြစ်တတ်ပါတယ်။ နှုတ်ခမ်းလေးတွေခြောက်သွေ့အက်ကွဲတာ၊ ပါးမှာ အသားပပ် တာတွေဖြစ်တတ်ပါတယ်။ ကလေးတွေက နှုတ်ခမ်းခြောက်တဲ့အခါ လျှာလေးထုတ်၊နှုတ်ခမ်းသပ်တတ်ကြတဲ့အခါ တံထွေးကနှုတ်ခမ်းပိုခြောက်စေပါတယ်။ ဒါ့ကြောင့် အစိုဓါတ်ထိန်းဖို့ အမွှေးနံ့မပါတဲ့hypoallergenic လိုးရှင်း၊ ခရင်မ်စတဲ့ အဆီတစ်ခုခုနဲ့ ကလေးရဲ့ပါးကို အစိုဓါတ်ထိန်းပေးနိုင်ပါတယ်။ နှုတ်ခမ်းလေးတွေကိုတော့ ကလေးတွေအတွက်ထုတ်တဲ့ lip balmလေးတွေဆိုးပေးပါ။
ကလေးနှင်းခူ

ကလေးတွေရဲ့ လက်၊ခြေထောက်၊ဦးရေပြား၊နဖူးနဲ့ပါးတို့မှာ နှင်းခူဖြစ်လာတတ်ပါတယ်။ အသားခြောက်လွန်းပြီးယားယံတဲ့နှင်းခူဟာ ဓါတ်မတည့်ခြင်းလိုပဲ မိသားစုထဲမှာမျိုးရိုးလိုက်တတ်ပါတယ်။ နှင်းခူကဆောင်းတွင်း  ရဲ့ခြောက်သွေ့တဲ့လေ သို့မဟုတ်နွေရာသီရဲ့အပူနဲ့ချွေးတို့ကြောင့် ပိုဆိုးတတ်ပါတယ်။ လိုးရှင်းတွေ၊ အဝတ်လျှော်ဆပ်ပြာတွေနဲ့ခေါင်းလျှော်ရည်တွေမှာပါတဲ့ အမွှေးနံ့နဲ့ဓါတုပစ္စည်းတွေအပြင်polyester အဝတ်အထည်တွေ ကလည်း အရေပြားကို ပိုထိခိုက်စေပါတယ်။ ကလေးကို တစ်နေ့နှစ်ကြိမ်ရေချိုးပေးတာ၊ရေဖတ်တိုက်ပေးတာက အရေပြားကိုရေဓါတ်ပြည့်ဝစေပါလိမ့်မယ်။
Cradle cap (ဦးရေပြားရောင်ခြင်း)

Cradle cap ဟာ ကလေးရဲ့ဦးရေပြားကအဆီဂလင်းတွေမှာ အဆီတွေများလာတဲ့အခါဖြစ်လာတဲ့အရေပြားပြဿနာပါ။ အဆီတွေပြန်နေပြီး အဝါရောင်အဖတ်တွေကွာလာတတ်ပါတယ်။Cradle cap ကဘေးအန္တရာယ်  မရှိသလို ကလေးအသက် ၆လ ကနေ ၈ လအတွင်းမှာ မဖြစ်တော့လောက်ပါဘူး။ ဒီကြားထဲမှာ ဦးရေပြားကအဖတ်တွေကိုဖယ်ရှားနိုင်ဖို့ ခေါင်းမလျှော်ခင် သံလွင်ဆီလေးနဲ့ပွတ်လိမ်းပေးပြီး ဘရက်ရှ်အနုလေးနဲ့အသာ အယာဖြီးပေးပါ။
သေးခံလောင်ခြင်း

အေးလို့ ကလေးကို အဝတ်တွေအထပ်ထပ်ဝတ်ပေးထားတယ်ဆိုရင်တောင်မှ ဒိုင်ပါကိုမကြာခဏစစ်ကြည့်ပေးပါ။ ကလေးရဲ့ပေါင်ကြားနဲ့တင်ပါး တဝိုက်ဟာ အစိုပြန်ခြင်း၊ ပူလောင်ခြင်း၊ ယားယံခြင်းစတဲ့အရေပြားပြဿနာ တွေဖြစ်လွယ်တဲ့နေရာဖြစ်ပါတယ်။ ဒိုင်ပါက ဆီးနဲ့ဝမ်းကြောင့် စိုစွတ်၊ပေကျံနေတာ ကြာသွားရင် ၊ဒိုင်ပါဝတ်တာအရမ်းတင်းကျပ်နေရင်၊သို့မဟုတ် ပူလွန်း၊ချွေးထွက်များလွန်းရင်သေးခံလောင်တဲ့ဝေဒနာဖြစ်စေနိုင်ပါတယ်။
ဆောင်းရာသီ အရေပြားပြဿနာတွေကို ဘယ်လိုကာကွယ်ပေးမလဲ

ဆောင်းတွင်းမှာ ကလေးကိုအသားခြောက်စေတဲ့အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ လေပူ၊လေအေးတွေကြောင့်ဆိုတာထက်လေထုတစ်ခုလုံးကိုက ကလေးရဲ့အသားအရေကိုခြောက်သွေ့စေတာဖြစ်ပါတယ်။

  •     ရာသီဥတုက အရမ်းအေးနေရင် နှစ်ရက်တစ်ခါတော့ရေချိုးပေးပါ။ ဒါပေမယ့်ရေချိုးချိန်ကမြန်ရပါမယ်။ ရေမချိုးချင်ဘူးဆိုရင် တဘက်နွေးနွေးလေးနဲ့ရေဖတ်တိုက်ပြီးအဝတ်လဲပေးပါ။
  •     ရေချိုးပြီးရင်baby lotion သို့မဟုတ် baby moisturiserလေးလိမ်းပေးမှ ကလေးကိုအသားမခြောက်အောင်ကာကွယ်ပေးနိုင်မှာပါ။
  •     ကလေးကို တစ်နေ့ နှစ်ကြိမ်၊သုံးကြိမ်လောက် နှိပ်နယ်ပေးပါ။ သံလွင်ဆီ သို့မဟုတ် baby oil ကိုအသားထဲစိမ့်ဝင်အောင် နှိပ်လိမ်းပေးရင်းနဲ့ အသားအရေနူးညံ့စိုပြေလာစေပါလိမ့်မယ်။
  •     ကလေးရဲ့အရေပြားကိုရေဓါတ်ဖြည့်တင်းပေးနိုင်ဖို့ ကလေးရဲ့အသက်အရွယ်ကိုလိုက်ပြီးရေနွေးနွေးလေးတိုက်ပေးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly